ချယ်လ်ဆီးအသင်းရဲ့ ကစားသမားဟောင်းကြီး ဂျွန် အိုဘီ မီခေးလ်က လတ်တလောမှာ ပြသာနာတွေ ဖြစ်ပွားနေတဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြ အဲရစ် တန်ဟက်ဂ် နဲ့ တောင်ပံ ကစားသမား ဂျေဒန် ဆန်ချိုတို့ ကိစ္စရပ်မှာ တန်ဟက်ဂ် လုပ်ရပ်က မှားယွင်းခဲ့တယ်လို့ ဝေဖန် ပြစ်တင်လိုက်ပါတယ်။

အာဆင်နယ် နဲ့ ယူနိုက်တက်အသင်းတို့ ရင်ဆိုင်ခဲ့တဲ့ ပွဲစဉ်အပြီး အင်တာဗျူး ပြုလုပ်နေစဉ်အတွင်း ဆန်ချို ဘာကြောင့် ဒီပွဲမှာ မပါဝင်နိုင်ခဲ့တာလဲလို့ မေးမြန်းလာခဲ့ရာ တန်ဟက်ဂ်က အသင်း လေ့ကျင့်ရေးမှာ ဆန်ချိုရဲ့ လုပ်အားနှုန်းတွေကို သဘောမကျလို့ မရွေးချယ်ခဲ့တာလို့ ဖြေဆိုလာခဲ့ပြီး ဒါကိုလည်း ဆန်ချိုဘက်က ချက်ချင်း တုံ့ပြန်လာခဲ့ပါတယ်။

Photo Credit : Sky Sports

အဲ့ဒီအချိန်က စတင်ပြီး ဆန်ချိုဟာ အခုထိ ယူနိုက်တက်အသင်းအတွက် ပါဝင် ကစားခွင့်တွေ ဆက်တိုက် ပျောက်ဆုံးနေရသလို ယူနိုက်တက်ဘက်ကလည်း ဆန်ချိုအနေနဲ့ တန်ဟက်ဂ်ကို တောင်းပန်ဖို့ မှာထားခဲ့ပေမယ့်လည်း ဆန်ချိုကတော့ အခုထိ တောင်းပန်ခြင်း မရှိသေးတာကြောင့် လာမယ့် ဆောင်းဈေးကွက်မှာပဲ ရောင်းထုတ်ခံရဖွယ်တောင် ရှိနေပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး မီခေးလ်က “အားလုံးကတော့ ဆန်ချို ပြန်မတောင်းပန်တာနဲ့ ပတ်သက်ပြီးပဲ ပြောနေကြပါတယ်။ ဒါပေမယ့် ကျွန်တော့်အမြင်ကတော့ ခြားနားပါတယ်။ ကျွန်တော်ကတော့ နည်းပြတစ်ဦးအနေနဲ့ ကိုယ်ရဲ့ကစားသမားတစ်ယောက်ကို အခုလို လူသိရှင်ကြား ဝေဖန်တာမျိုးတွေ မလုပ်သင့်ဘူးလို့ပဲ ထင်တယ်။”

Photo Credit : The Sun

“ဆာ အဲလက်စ်လက်ထက် ဒီလို အလားတူ အခြေအနေမျိုးနဲ့ တွေ့ကြုံရတဲ့ အခါ ဒီကိစ္စကို အဝတ်လဲခန်းအတွင်းမှာပဲ ဖြေရှင်းလို့ ရအောင် လုပ်ဆောင်သွားမှာလို့ ယူနိုက်တက် ကစားသမားဟောင်းတွေ ပြောစကားအရ သိရပါတယ်။ ဒါကို အဝတ်လဲခန်းထဲမှာ ဘယ်လိုပုံစံနဲ့ပဲ ဖြေရှင်းရှင်း ကိစ္စ မရှိပါဘူး။”

“သူရအောင်တော့ ဖြေရှင်းနိုင်တယ်။ ဒါပေမယ့် ကိုယ်ရဲ့ကစားသမားတစ်ယောက်ကိုတော့ လူသိရှင်ကြား ဝေဖန် ပြစ်တင်တာ မလုပ်သင့်ပါဘူး။” လို့ ဝေဖန် ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ဆန်ချိုဟာ လာမယ့် ဆောင်းဈေးကွက်မှာပဲ ယူနိုက်တက်အသင်းနဲ့ လက်တွဲဖြုတ်ရဖို့က သေချာသလောက် ရှိနေပြီး အသင်းဟောင်း ဒေါမွန်ဆီ ပြန်လည် ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။