နော်တင်ဟမ် ဖောရက်စ်အသင်းရဲ့ အိမ်ကွင်း စီးတီးဂရောင်းမှာ သွားရောက် ယှဉ်ပြိုင်ကစားခဲ့ရင်း ဂိုးမရှိ သရေကျခဲ့တဲ့ ပွဲစဉ်မှာ အာဆင်နယ်အသင်း နည်းပြဖြစ်သူ မီခယ်လ် အာတီတာက သူတို့အသင်းဟာ နိုင်ပွဲရရှိဖို့အတွက် မီးစတစ်ခု လိုအပ်တယ်လို့ မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။
အာဆင်နယ်က ဒီပွဲမတိုင်ခင် ဝက်စ်ဟမ်းနဲ့ပွဲမှာလည်း တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး (၂)ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ရသလို တိုက်စစ်ကပါ သွင်းဂိုးပျောက်ဆုံးခဲ့ရပါသေးတယ်။ ပိုဆိုးတာကတော့ ဇယားထိပ်က လီဗာပူးလ်အသင်းနဲ့ ရမှတ်ကွာဟချက် (၁၃)မှတ်အထိတောင် အမှတ်ကွာသွားတာက အာဆင်နယ်ရဲ့ ချန်ပီယံ မျှော်လင့်ချက်ကို အတော်လေး ထိခိုက်ခဲ့ရပါတယ်။
Photo Credit : Arsenal
ဒီပွဲအပြီးမှာ အာဆင်နယ်နည်းပြ အာတီတာက “ခံစားချက် မကောင်းပါဘူး။ ကျွန်တော်တို့က အနိုင်ရဖို့အတွက် ဒီကို ရောက်လာတာပါ။ ကျွန်တော်တို့က ဒီပွဲမှာ မေးခွန်းထုတ်စရာ မလိုတဲ့ စိတ်ဓာတ်မျိုးကို ပြသခဲ့ပါတယ်။ ကျွန်တော်တို့ ဘယ်လောက် လိုချင်လဲ ဘယ်လောက် ကြိုးစားခဲ့လဲဆိုတာကို ပြသခဲ့ပါတယ်။”
“ကျွန်တော်တို့ ပွဲကို လွှမ်းမိုးခဲ့ပါတယ်။ မတူညီတဲ့ နည်းလမ်းများစွာနဲ့ ကြိုးစားခဲ့ပါတယ်။ ကျွန်တော်တို့ ကြိုးစား အားထုတ်ခဲ့ပါတယ်။ ဒါပေမယ့် စနစ်တကျ စုဖွဲ့ထားတဲ့ အသင်းကို ဖွင့်ထုတ်နိုင်ဖို့ မီးပွားလေးတစ်ခု နောက်ဆုံး ဖြတ်တင်ဘောလေးတစ်ခု လိုအပ်ခဲ့ပါတယ်။ ကျွန်တော်တို့ ပစ်မှတ်ပေါ်ကို ပိုပြီး ပစ်ခတ်မှုတွေ ဖန်တီးရပါမယ်။”
Photo Credit : The Hereford Times
“စနေနေ့က ဝက်စ်ဟမ်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်နဲ့ အခုပွဲစဉ်က လုံးဝကို မတူညီတဲ့ စံနှုန်းတစ်ခုပါ။ ကျွန်တော်တို့က စွမ်းအင်တွေ ရည်ရွယ်ချက်တွေ တိုက်ပွဲဝင်လိုစိတ်တွေနဲ့ အရာရာကို ဖြစ်မြောက်အောင် လုပ်ဆောင်လိုစိတ်တွေနဲ့ ခံစစ်ကစားခဲ့ပါတယ်။ ကျွန်တော်တို့ နောက်ဆုံးအထိ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် မလုပ်နိုင်ခဲ့ပါဘူး။”
“ဂါဘီနဲ့ ဘူကာယိုတို့က အချိန်အတော်ကြာ အနားယူနေရလို့ ကျွန်တော်တို့ အလျင်စလို လုပ်လို့မရပါဘူး။ ဂါဘီက ဘူကာယိုထက် နည်းနည်းစောပြီး ကစားနိုင်ပါမယ်။ ဒါပေမယ့် ကျွန်တော်တို့ ဖြေရှင်းနည်းတွေ ရှာရပါမယ်။ ရှိတဲ့သူတွေနဲ့ပဲ ဆက်လုပ်ရပါမယ်။ ဒါပေမယ့် ဒီရာသီမှာ ကစားရမယ့်ပွဲက အများကြီး ကျန်ပါသေးတယ်။ ချန်ပီယံလိဂ်ကလည်း ကြီးမားတဲ့ ပြိုင်ပွဲတစ်ခုပါ။ ကျွန်တော်တို့ အဲဒီမှာ အမြဲကစားရဖို့ မျှော်လင့်နေပါတယ်။ ကျွန်တော်တို့ လုပ်နိုင်တာ တစ်ခုတည်းက ကျွန်တော်တို့ရဲ့ ပွဲစဉ်တွေကို အနိုင်ရအောင် ကစားဖို့နဲ့ ဘယ်လောက် အမှတ်ရမလဲဆိုတာကို ကြည့်ဖို့ပါပဲ။” လို့ ပြောဆိုသွားခဲ့ပါတယ်။