MySport Myanmar

အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့ စိတ်ပျက်မိတယ်လို့ ညည်းတွားလိုက်တဲ့ အာတီတာ

မနေ့ညက စိန့်မေရီကွင်းမှာ ကစားသွားခဲ့ကြတဲ့ ဆောက်သမ်တန်အသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်က ကွင်းလယ်လူ ဂရန်းနစ်ချာကာရဲ့ ဂိုးနဲ့ ပွဲကို ဦးဆောင်ထားခဲ့ပေမယ့်လည်း စတီးဝပ်စ်အမ်းစထရောင်းရဲ့ ချေပဂိုးကြောင့် တစ်ဖက်တစ်ဂိုးစီနဲ့ သရေပွဲအဖြစ်နဲ့သာ အဆုံးသတ်သွားခဲ့ရပါတယ်။

Photo Credit : Daily Mail

အာဆင်နယ်ဟာ ဒီပွဲမတိုင်ခင်မှာ စက်တင်ဘာ(၄)ရက်နေ့က မန်ချက်စတာယူနိုက်တက်အသင်းကို ရှုံးနိမ့်ခဲ့ရတဲ့ ပွဲစဉ်ကလွဲပြီး ဒီရာသီထဲ ကစားထားခဲ့သမျှ (၁၃)ပွဲအထိ နိုင်ပွဲရရှိထားခဲ့တဲ့ ကလပ်အသင်း တစ်သင်းဖြစ်ပါတယ်။ ဒါပေမယ့် စိန့်မေရီမှာ ကစားခဲ့ရတဲ့ ဆောက်သမ်တန်နဲ့ ပွဲစဉ်မှာတော့ ချာကာရဲ့ အဖွင့်ဂိုးကို ပိုမို သေချာသွားအောင် နောက်ထပ် ဂိုးတွေ ထပ်မံသွင်းယူနိုင်ခဲ့ခြင်း မရှိခဲ့တဲ့အပြင် ဒုတိယပိုင်းမှာပဲ အိမ်ရှင်အသင်းရဲ့ ချေပဂိုးကိုပါ ပြန်လည် ခွင့်ပြုခဲ့ရရင်းနဲ့ ပြိုင်ပွဲစုံ (၈)ပွဲဆက်တိုက် နိုင်ပွဲဆက်နေမှုက ရပ်တန့်သွားခဲ့ရပါတယ်။

Photo Credit : Daily Mail

ဒီသရေပွဲနဲ့ ပတ်သတ်ပြီး အာဆင်နယ်နည်းပြ အာတီတာက “ကျွန်တော်တို့အသင်းက အလွန်ကောင်းမွန်တဲ့ အခွင့်အရေးတွေ (၃) (၄)ကြိမ်လောက် ရရှိခဲ့တယ်။ ဂိုးတွေကိုလည်း ပိုမို သွင်းယူနိုင်ခဲ့သင့်တယ်။ (၂)ဂိုး (၃)ဂိုးလောက် လိုအပ်ခဲ့ပေမယ့်လည်း ကျွန်တော်တို့ တစ်ဂိုးပဲ သွင်းယူနိုင်ခဲ့တယ်။ ဒါက စိတ်ပျက်စရာပါပဲ။ ကျွန်တော်တို့ လုံလောက်တဲ့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့တယ်။ ဒါပေမယ့် ဒီအခွင့်အရေးတွေကို ကျွန်တော်တို့ အသုံးမချနိုင်ခဲ့ဘူး။ ဒါက သင်ခန်းစာတစ်ခုပဲ။ ဘာကြောင့်လဲဆိုတော့ က၊ျွန်တော်တို့ နိုင်ပွဲတွေ ထပ်မံ ရယူချင်လို့ပါပဲ။ ပြိုင်ဘက်အသင်းကလည်း ဒုတိယပိုင်းအတွင်း တိုက်ရိုက် ကစားဟန်တွေနဲ့အတူ ကျွန်တော်တို့ကို ဖိအားပေးလာနိုင်တယ်။ ကျွန်တော်တို့လည်း ရုန်းကန်ခဲ့ရတယ်” လို့ ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။ ဒီပွဲစဉ် အပါအဝင် အာဆင်နယ်ရဲ့ နောက်ဆုံးကစားထားတဲ့ (၅)ပွဲဆက်တိုက် ဂိုးပေါက်ပျောက်နေတဲ့ တိုက်စစ်ကစားသမား ဂျေဇူးရဲ့ အခြေအနေနဲ့ ပတ်သတ်ပြီးတော့လည်း အာတီတာက “ဒီနေ့ သူရခဲ့တဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့ သူ စိတ်ပျက်သွားမှာ သေချာတယ်” လို့ မှတ်ချက်ပြု ပြောဆိုလိုက်ပါတယ်။

Exit mobile version