MySport Myanmar

အာဆင်နယ်က ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ အချိန်တန်ပြီလို့ အာတီတာ ကြွေးကြော်

၂၀၀၃-၂၀၀၄ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာခဲ့ရပြီးနောက် လက်ရှိအချိန်ထိ ပရီးမီးယားလိဂ် ဆုဖလားနဲ့ ဆယ်စုနှစ် နှစ်ခုနီးပါးလောက်ကို အလှမ်းဝေးနေရတဲ့ အာဆင်နယ်အသင်းဟာ အခုတော့ ပရီးမီးယားလိဂ် ချန်ပီယံ ထပ်မံ ဖြစ်လာဖို့အတွက် အချိန်တန်ပြီလို့ အာဆင်နယ်နည်းပြ အာတီတာက ကြွေးကြော် ပြောကြားလိုက်ပါတယ်။

Photo Credit : The Straits Times

အာဆင်နယ်အသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ်မှာ (၁၂)ပွဲ ကစားထားပြီးချိန် မန်ချက်စတာယူနိုက်တက်ကို ရှုံးနိမ့်ပြီး ဆောက်သမ်တန်ကို သရေကျထားခဲ့တာကလွဲရင် ကျန်တဲ့(၁၀)ပွဲလုံးမှာ နိုင်ပွဲတွေ ရယူထားခဲ့ပြီး အမှတ်ပေးဇယား ထိပ်နားမှာပါ ရပ်တည်ထားနိုင်ခဲ့ပါတယ်။ ဒီ(၁၂)ပွဲအတွင်းမှာ ယူနိုက်တက်နဲ့ ပွဲစဉ်ကို ရှုံးနိမ့်ထားခဲ့ရပေမယ့် ခါးသီးမြို့ခံအသင်း စပါးနဲ့ နောက်ပိုင်းနှစ်တွေမှာ လုံးဝ အနိုင်မရထားတဲ့ လီဗာပူးလ်တို့ကို အနိုင်ကစားထားတဲ့အထိ အာဆင်နယ်ရဲ့ စွမ်းဆောင်ရည်က အသိအမှတ်ပြုချင်စရာ ဖြစ်လာသလို အနှစ်(၂၀)နီးပါး အလှမ်းဝေးနေရတဲ့ ပရီးမီးယားလိဂ် ချန်ပီယံ အိမ်မက်ကိုပါ မက်ခွင့်ရရှိလာခဲ့ပါတယ်။

Photo Credit : The Mirror

ဒီလို အခြေအနေမှာ ရောက်ရှိနေတဲ့ အာဆင်နယ်အသင်းရဲ့ နည်းပြ အာတီတာက “အခုက အချိန်တန်ပါပြီ။ ဆုဖလားနဲ့ အလှမ်းဝေးနေတာက တော်တော်ကြာနေပါပြီ။ အဲ့ဒီနေရာမှာ ရှိနေဖို့အတွက် ကျွန်တော်တို့ရဲ့ အချိန်တွေကို ပေးဖို့ လိုပါတယ်။ အဲ့ဒါကို ကျွန်တော်တို့ဘက်က အခု လုပ်ဆောင်ထားနိုင်ခဲ့ပေမယ့် ကျွန်တော်တို့မှာ ရှည်လျားတဲ့ ရာသီတစ်ခုကို ဖြတ်သန်းသွားရဦးမှာပါ” လို့ ရှင်းလင်း ပြောကြားထားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ၂၀၀၃-၂၀၀၄ ဘောလုံးရာသီမှာ တစ်ရာသီလုံး ရှုံးပွဲ လုံးဝမရှိခဲ့ပဲ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့ရပြီး ရွှေသားနဲ့ ပြုလုပ်ထားတဲ့ ပရီးမီးယားလိဂ်ဖလားကြီးကို ပိုင်ဆိုင်ခဲ့ရပေမယ့်လည်း အဲ့ဒီနောက်ပိုင်းထဲက ချန်ပီယံဆုနဲ့ အလှမ်းဝေးခဲ့ရပြီး ၂၀၀၄-၂၀၀၅ နဲ့ ၂၀၁၆-၂၀၁၆ ဘောလုံးရာသီတို့မှာပဲ အမြင့်မားဆုံး ရပ်တည်ချက်အဖြစ် အဆင့်(၂)နေရာကိုသာ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ လက်ရှိမှာတော့ အာဆင်နယ် ကစားသမားဟောင်း ဂွါဒီယိုလာရဲ့ တပည့်ဟောင်း အာတီတာ ကိုင်တွယ်နေတဲ့ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ လက်ရှိချန်ပီယံ မန်စီးတီးနဲ့ ရပ်တည်မှုခြင်း မတိမ်းမယိမ်း ဖြစ်နေတဲ့ အနေအထားမျိုးကို ရောက်ရှိနေပြီဖြစ်လို့ ၂၀၀၃-၂၀၀၄ ဘောလုံးရာသီနောက်ပိုင်း အာဆင်နယ်တို့ အမှတ်ပေးချန်ပီယံ ဆုဖလားကြီးကို မျှော်မှန်းလာနိုင်ခဲ့တာ ဖြစ်ပါတယ်။

Exit mobile version