MySport Myanmar

ဆန်ချိုက ချယ်လ်ဆီးအသင်းကို လှည့်ဖြားနေတယ်လို့ ပြစ်တင်လိုက်တဲ့ မီခေးလ်

ချယ်လ်ဆီးအသင်းရဲ့ ကစားသမားဟောင်းကြီး ဂျွန် အိုဘီ မီခေးလ်က လက်ရှိအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဂျေဒန် ဆန်ချိုဟာ အသင်းဆီ ရောက်လာပြီးနောက်ပိုင်း ပွဲအနည်းငယ်လောက်သာ ခြေစွမ်းပြသနိုင်ခဲ့ပြီး နောက်ပိုင်းပွဲတွေမှာ ခြေမပေါ်တော့တာက အသင်းကို လိမ်လည်လှည့်ဖြားနေတာ ဖြစ်တယ်လို့ ပြစ်တင် ပြောဆိုလိုက်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဒီနွေရာသီမှာ အင်္ဂလန် တောင်ပံကစားသမား ဆန်ချိုကို မန်ချက်စတာ ယူနိုက်တက်အသင်းကနေ တစ်ရာသီ အငှားစာချုပ် + ပေါင်(၂၅)သန်းတန် အပြီးသတ် ခေါ်ယူခွင့်တို့နဲ့ ခေါ်ယူခဲ့ပါတယ်။ ဆန်ချိုဟာလည်း လန်ဒန်မြို့မှာ မွေးဖွားခဲ့သူဖြစ်ပြီး ချယ်လ်ဆီးအသင်းကို အားပေးခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit : GB News

ဆန်ချိုက ချယ်လ်ဆီးအသင်းဆီ ရောက်ခါစမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး ကစားခွင့်ရခဲ့တဲ့ (၃)ပွဲဆက်တိုက်မှာ ဂိုးဖန်တီးမှု (၁)ကြိမ်စီ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အသင်းအတွက် အားထားရတဲ့ ပုံစံမျိုးနဲ့ စွမ်းဆောင်ပြနေတဲ့ ဆန်ချိုကို ချယ်လ်ဆီးပရိသတ်များက သဘောကျခဲ့ကြပေမယ့် နောက်ပိုင်းပွဲတွေမှာ ဆန်ချိုရဲ့ performance တွေက ကျဆင်းလာခဲ့ရပါတယ်။

ဒီလို ခြေစွမ်းကျဆင်းလာခဲ့တဲ့ ဆန်ချိုနဲ့ ပတ်သက်ပြီး ချယ်လ်ဆီးကွင်းလယ်လူဟောင်း မီခေးလ်က “ကျွန်တော် ပွဲတွေကို ကြည့်ခဲ့ပါတယ်။ ဝက်စ်ဟမ်းနဲ့ပွဲက ဘရိုက်တန်နဲ့ပွဲထက်တောင် ပိုဆိုးသေးတယ်။ ဘရိုက်တန်နဲ့ပွဲမှာ စိတ်ဓာတ်လည်း မရှိဘူး၊ ကစားအားလည်း မရှိဘူး။ ကွင်းထဲမှာ အသင်းကို ခေါင်းဆောင်နိုင်မယ့်သူလည်း မရှိဘူး။”

Photo Credit : Chelsea News

“ဂျေဒန် ဆန်ချိုကို ဘယ်သူမှ ဘာမှ မပြောဘူး။ ဆန်ချို ပထမဂိုးမှာ မင်း တားသင့်တာ။ ဘယ်သူမှ ဆန်ချိုကို ဘာတွေလျှောက်လုပ်နေတာလဲလို့ မပြောဘူး။ သူ ကောင်းကောင်း ကစားခဲ့တဲ့ နှစ်ပွဲလောက်နဲ့ ကျွန်တော်တို့ကို လှည့်စားသွားတယ်။ ဟာ ဒီတစ်ခါတော့ ဒေါ့မွန်က ဆန်ချိုကို ရပြီပဲလို့ ထင်လိုက်တာ။ ဒါပေမယ့် သူ ပြန်ပျောက်သွားပြန်ပြီ။”

“သူ ဘောလုံးကိုင်ထားတယ်။ ဒါပေမယ့် လူတွေကို မကျော်နိုင်တော့ဘူး။ အခွင့်အရေးလည်း မဖန်တီးနိုင်တော့ဘူး။ သူ အသင်းကို ကူညီသင့်သလောက်လည်း မကူညီနိုင်တော့ဘူး။” လို့ ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် မီခေးလ်က အသင်းနည်းပြ အန်ဇို မာရက်စ်ကာရဲ့ အသင်းနဲ့ ပတ်သက်ပြီး ပြောဆိုထားမှုကိုလည်း ပြစ်တင် ဝေဖန်ခဲ့ပါသေးတယ်။

Exit mobile version