သံမဏိမိုက် လို့ ဆိုလိုက်တာနဲ့ လက်ဝှေ့ထိုးတာကို ဝါသနာပါတဲ့သူတွေရော ၊ ဝါသနာမပါတဲ့သူတွေပါ ပြေးမြင်ကြတဲ့ လက်ဝှေ့ အကျော်အမော် တစ်ဦးရှိပါတယ်။ အဆိုပါ လက်ဝှေ့ အကျော်အမော် ကတော့ လက်ရှိမှာ အသက် ၅၄နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ မိုက်တိုင်ဆန်ပဲ ဖြစ်ပါတယ်။ လူငယ် ကစားသမား ဘဝထဲက ရွယ်တူတွေ ကြားထဲမှာ ပြိုင်ဘက်မရှိခဲ့သလို ပရော်ဖက်ရှင်နယ် ကြေးစားလောကထဲကို ဝင်ရောက်ခဲ့တဲ့ အချိန်မှာလည်း အလဲထိုးပွဲတွေနဲ့ ကမ္ဘာတစ်ဝှမ်းမှာ အကြမ်းတမ်းဆုံး ဖိုက်တာကြီး အဖြစ် နာမည်ကျော်ခဲ့သူ မိုက်တိုင်ဆန်ဟာ လက်ရှိမှာ အမေရိကန်နိုင်ငံရဲ့ သမ္မတအဖြစ် တာဝန် ထမ်းဆောင် နေတဲ့ ဒေါ်နယ်ထရန်နဲ့ ကျောင်းတော်က ရန်စ ရှိခဲ့ဖူးတယ် လို့ သိရပါတယ်။

Photo Credit: New York Times

နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ SportBible သတင်းဌာနရဲ့ ဖော်ပြချက်အရ မိုက်တိုင်ဆန်နဲ့ ဒေါ်နယ်ထရန့်တို့ဟာ မိန်းမကိစ္စတစ်ခုနဲ့ ပြဿနာ ဖြစ်ပွားခဲ့ကြတာ ဖြစ်ပြီး ဒေါ်နယ်ထရန့်ဟာ မိုက်တိုင်ဆန် ရဲ့ မိန်းမဖြစ်သူနဲ့ ညအိပ်ခဲ့တယ် ဆိုတဲ့ ကောလဟာလ သတင်းတွေ ထွက်ပေါ်ခဲ့ရာ ကနေ နှစ်ဦးကြားမှာ ထိုးကြိတ်လုနီးပါး အခြေအနေအထိ ဖြစ်ခဲ့ကြတာပါ။ ထရန့်နဲ့ နီးစပ်တဲ့ စာရေးဆရာ တစ်ဦးဖြစ်တဲ့ အိုဘီရန်ရဲ့ အဆိုအရတော့ မိုက်တိုင်ဆန်ဟာ ထရန့်ဆီကို ဒေါကြီးမောကြီး ရောက်လာကာ သူ့ရဲ့ မိန်းနဲ့ အိပ်ခဲ့လား လို့ တည့်တိုး လာမေးခဲ့တာ ဖြစ်ကြောင်း သိရပြီး အဆိုပါ အချိန်တုန်းက ဒေါ်နယ်ထရန့်ဟာ အတော်လေး လန့်ဖျပ်နေခဲ့ကြောင်း အိုဘီရန်က ဖွင့်ဟ ခဲ့ပါတယ်။

Photo Credit: New York Times

ထရန်နဲ့ မိုက်တိုင်ဆန်တို့ ညိခဲ့ကြတဲ့ အချိန်မှာ မိုက်တိုင်ဆန်ဟာ အသက် ၂၁ နှစ် အရွယ်သာ ရှိသေးပြီး သူ့ရဲ့ ပထမအချီ အလဲထိုးပွဲတွေနဲ့ ထိတ်ထိတ်ကြဲ ကစားသမား တစ်ဦးဖြစ်နေတဲ့ အချိန်လို့လည်း အိုဘီရန်က ပြန်ပြောင်း ပြောပြခဲ့ပါတယ်။ အဆိုပါ ဖြစ်ရပ် ဖြစ်ပွားပြီး နောက်မှာတော့ ထရန့်နဲ့ မိုက်တိုင်ဆန်တို့ရဲ့ ဆက်ဆံရေးဟာ အေးခဲသွားခဲ့ပြီး ထရန့်ဘက်က မိုက်တိုင်ဆန်နဲ့ ပြန်အဆင်ပြေလာအောင် မိုက်တိုင်ဆန်ကို သူ့ရဲ့ မဲဆွယ်ပွဲမှာ ချီးကျူးခဲ့ပေမယ့် မိုက်တိုင်ဆန်ဘက် ကတော့ လက်ရှိအချိန် အထိ ထရန့်အပေါ် အခဲမကျေသေးပါဘူး။ ထရန့်တစ်ယောက် မိုက်တိုင်ဆန်ရဲ့ ဇနီးဖြစ်သူနဲ့ အိပ်ခဲ့လား ၊ မအိပ်ခဲ့ဘူးလား ဆိုတာကိုတော့ ထရန့်နဲ့ မိုက်တိုင်ဆန်ရဲ့ ဇနီးဖြစ်သူတို့သာ သိမှာ ဖြစ်ပြီး မိုက်တိုင်ဆန် ကတော့ ထရန့်နဲ့ သူ့ရဲ့ မိန်းမတို့ အိပ်ခဲ့တယ် လို့ တထစ်ချ ယုံကြည်နေပုံပါပဲ။