ပရီးမီးယားလိဂ်ရဲ့ သက်တော်ရှည်အသင်း ဖြစ်တဲ့ နယူးကာဆယ်အသင်းရဲ့ ပိုင်ရှင်ဟောင်း မိုက် အက်ရှလေဟာ ဘဏ္ဍာရေး အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းကို ဝယ်ယူဖို့ အတွက် စီစဉ်နေကြောင်း ဗြိတိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။
ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုတွေကြောင့် ရမှတ် ၂၃မှတ် ပြစ်ဒဏ် ကျခံထားရတဲ့ ဒါဘီအသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ချန်ပီယံရှစ်ပြိုင်ပွဲ ကနေ တန်းဆင်းရဖို့ ရေပန်းစားနေတဲ့ အသင်းတွေထဲက တသင်း ဖြစ်ပြီး အသင်းရဲ့နည်းပြ ရွန်းနီနဲ့ ကစားသမားတွေဟာ လစာတွေ ပုံမှန် မရကြပေမယ့် တန်းမဆင်းရအောင် အစွမ်းကုန် ကြိုးစားနေကြပါတယ်။
Photo Credit: Express
ဒါဘီအသင်းဟာ ဘဏ္ဍာရေး အကြပ်အတည်းရဲ့ ရိုက်ခတ်မှုဒဏ်ကြောင့် လူအင်အား ချို့တဲ့နေပေမယ့် ရွန်းနီရဲ့ ဦးဆောင်မှုတွေကြောင့် ပွဲစဉ် ၂၅အပြီးမှာ ၇ပွဲနိုင် ၊ ၁၁ပွဲသရေ ၊ ၇ပွဲ ရှုံး ဆိုတဲ့ ရလဒ်နဲ့ ရမှတ် ၁၁မှတ် အထိ စုဆောင်းနိုင်ခဲ့ပြီး တန်းဆင်းဇုန် ကနေ ရုန်းထွက်နိုင်ဖို့ နီးစပ်နေပါတယ်။
ဒါကြောင့်ပဲ မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေသာ ရရှိရင် ဒါဘီအသင်း အနေနဲ့ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဆက်လက် ရှိနေနိုင်ပြီး စဉ်ဆက်မပြတ်သာ ဆက်လက် ရင်းနှီးနိုင်မယ် ဆိုရင် ရွန်းနီနဲ့အတူ ပရီးမီးယားလိဂ် ပြိုင်ပွဲဆီ တက်လှမ်းနိုင်ဖွယ် ရှိကြောင်း ဘောလုံးရေးရာ သုံးသပ်သူတွေက သုံးသပ်ထားကြပါတယ်။
Photo Credit: Express
နယူးကာဆယ်အသင်းရဲ့ ပိုင်ရှင်ဟောင်း မိုက် အက်ရှလေကလည်း ဒါဘီအသင်းရဲ့ အလားအလာကို သိရှိတာကြောင့် ယခု ဇန်နဝါရီလထဲမှာပဲ ဒါဘီအသင်းကို ဝယ်ယူဖို့ မျက်စိကျနေတာ ဖြစ်ပြီး ဒါဘီပိုင်ရှင် မောရစ် ကတော့ ဒါဘီအသင်းကို ပေါင် ၅၀သန်းနဲ့ ရောင်းချဖို့ ဈေးခေါ်ထားပါတယ်။
နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ မိုက် အက်ရှလေဟာ ဒါဘီအသင်းကို ပေါင် ၅၀သန်းနဲ့ ဝယ်ယူဖို့ အတွက် အဆင်သင့် ရှိနေသလို ဒါဘီအသင်းရဲ့ ဘုတ်အဖွဲ့တွေနဲ့ပါ တွေ့ဆုံမှုတွေ ပြုလုပ်ထားကြောင်းနဲ့ အမေရိကန် သူဌေးသူကြွယ် တဦး ဖြစ်သူ ခရစ်ရှနာကလည်း အက်ရှလေနဲ့ အပြိုင် ဒါဘီအသင်းကို ဝယ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။