စပိန်လာလီဂါ ထိပ်သီးအသင်းဖြစ်တဲ့ ရီးရဲလ် မက်ဒရစ်အသင်းရဲ့ ဂန္တဝင်ကစားသမားကြီး မီဂျာတိုဗစ်ကတော့ ချန်ပီယံလိဂ်ရှုံးထွက်အဆင့် ရဲ့ ပထမအကျော့ပွဲစဉ်မှာ မန်စီးတီးအသင်းကို အိမ်ကွင်းမှာ ၁-၂ ဆိုတဲ့ရလဒ်နဲ့ အရေးနိမ့်ထားတဲ့ သူ့ရဲ့အသင်းဟောင်းကို ဒုတိယအကျော့မှာ ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းရဲ့ ကြိုးစားအားထုတ်ပုံမျိုးနဲ့ အားကုန်ထုတ်ကစားကြဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘာနေဗျူးမှာ ကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်မှာ နောက်ကျသွင်းဂိုးတွေ ပေးခဲ့ရကာ မန်စီးတီးအသင်းကို အရှုံးပေး ဒူးထောက်ခဲ့ရသလို အသင်းခေါင်းဆောင် ရာမို့စ် ဟာလဲ အနီကတ်ပြသခံခဲ့ရတာကြောင့် ဒီပွဲကို ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။

Photo Credit: Marca.com

ဒါ့ကြောင့် ရီးရဲလ်မက်ဒရစ်အနေနဲ့ မန်စီးတီးအသင်းကို အဝေးကွင်းမှာ အနိုင်ရဖို့ မလွယ်ကူဘူးလို့ ဘောလုံးကျွမ်းကျင်သူ အများစုက သုံးသပ်ထားခဲ့ကြပါတယ်။ တစ်ဖက်မှာတော့ မန်ယူအသင်းဟာ မန်စီးတီးအသင်းရဲ့ အိမ်ကွင်းမှာ နောက်ဆုံးကစားခဲ့တ​ဲ့ ပွဲစဉ်နှစ်ပွဲစလုံးကို အနိုင် ရရှိထားတဲ့ အသင်းလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ မီဂျာတိုဗစ်က သူ့ရဲ့အသင်းဟောင်းဟာ မန်ယူအသင်းကို အတုယူပြီး ကစားမယ်ဆိုပါက မန်စီးတီးအသင်းရဲ့ အိမ်ကွင်းမှာလည်း အောင်ပွဲခံနိုင်မှာဖြစ်တယ်လို့ ရီးရဲလ်မက်ဒရစ် အသင်းကို အကြံပြုစကားနဲ့အတူ နိုင်ပွဲအတွက် လိုအပ်တဲ့အရာတချို့ကိုပါ ပြောပြသွားပါတယ်။

Photo Credit: Marca.com

မန်စီးတီးအသင်းကို အနိုင်ယူနိုင်ဖို့အတွက် ရီးရဲလ်မက်ဒရစ်အနေနဲ့ ဘာတွေလုပ်ဆောင်ရမလဲဆိုတာကို မီဂျာတိုဗစ်က ” ချန်ပီယံလိဂ်မှာ အဝေးကွင်းပွဲတွေကို အနိုင်ယူရတာက လွယ်ကူတဲ့ အလုပ်မဟုတ်ပါဘူး။ အထူးသဖြင့် မန်စီးတီးလို အသင်းကောင်းတစ်သင်းမျိုးဆိုရင်ပေါ့။ ဒါပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ မန်ယူအသင်းက ပီအက်စ်ဂျီအသင်းကို အဝေးကွင်းမှာ အနိုင်ယူပြီး နောက်တစ်ဆင့်ကို တက်ခဲ့ပါတယ်။ ဒါဆို ရီးရဲလ်မက်ဒရစ်ကရော ဘာလို့ ဒီလိုမျိုး မလုပ်ပြနိုင်ရမှာလဲ။ ကျွန်တော်တို့ရဲ့ လက်ထဲမှာ အခွင့်အရေးတွေက ရှိနေပါတယ်။ ရီးရဲလ်မက်ဒရစ်ဘက်က ဖလားကို အဆုံးရှုံးခံလိုက်ပြီလို့လည်း မပြောထားပါဘူး ” လို့ ပြောဆိုသွားခဲ့တာပါ။