စီးရီးအေ ကလပ်အသင်းတစ်သင်းဖြစ်တဲ့ အင်တာမီလန် အသင်းရဲ့ အဓိက တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ လူကာကူဟာ ပြီးခဲ့တဲ့ ကြားရက်မှာ ကစားခဲ့တဲ့ မိုချန်ဂါလာဘတ် အသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ အတော်လေး ခြေစွမ်းပိုင်း ဆိုင်ရာမှာ ကောင်းမွန်ခဲ့ပြီးတော့ အသင်းအတွက် သွင်းဂိုး ၂ ဂိုး ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ အင်တာမီလန် အသင်း အနေနဲ့ ချန်ပီယံလိဂ် နောက်တစ်ဆင့်ကို တက်ရောက်ဖို့ ရုန်းကန်နေရဆဲ ဖြစ်ပေမယ့်လည်း လူကာကူရဲ့ ခြေစွမ်းပိုင်းက အားရစရာ အနေအထားမှာ ရှိနေတာကြောင့် အင်တာ အသင်းအနေနဲ့ အနည်းငယ် အသက်ရှုချောင်စေတယ်လို့ ဆိုရပါမယ်။ ဘိုလော့ဂ်နာ အသင်းရဲ့ နည်းပြ ဖြစ်တဲ့ မီဟိုင်းလိုဗစ် က သူကိုယ်တိုင် ကွင်းလယ်အဖျက် နေရာမှာ ကြမ်းကြမ်းတမ်းတမ်း ဖြတ်ထုတ်တာတောင်မှပဲ လူကာကူကို တားဆီးနိုင်မှာ မဟုတ်ဘူးလို့ ဆိုသွားခဲ့ပါတယ်။

Photo Credit: Marca

မီဟိုင်းလိုဗစ် အနေနဲ့ စနေနေ့ က ကစားခဲ့တဲ့ အင်တာမီလန် အသင်းနဲ့ ဘိုလော့ဂ်နာ အသင်းရဲ့ စီးရီးအေ ပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ဝန်ခံပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ပွဲစဉ်မှာ အင်တာမီလန် အသင်းက ဘိုလော့ဂ်နာ အသင်းကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ပြီး ၃ ဂိုး-၁ ဂိုး ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အင်တာမီလန် အသင်းအတွက် ခြေစွမ်းပြနေတဲ့ ကစားသမား လူကာကူဟာ အဆိုပါ ပွဲစဉ်မှာလည်း အင်တာမီလန် အသင်းအတွက် ပွဲကစားချိန် ၁၆ မိနစ်လောက်မှာ အဖွင့်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ အင်တာမီလန် အသင်းအနေနဲ့ ဘိုလော့ဂ်နာ အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ရမှတ် ၃ မှတ်အပြည့်ရရှိခဲ့ပြီးတော့ စီးရီးအေ ဇယားမှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ အေစီမီလန် အသင်းထက် တစ်ပွဲပိုကစားပြီး ရမှတ် ၂၁ မှတ်နဲ့ အဆင့်‌ ၂ နေရာကို တက်လှမ်းထားနိုင်ကာ လိုက်လံ ဖိအားပေးနေခဲ့ပါတယ်။ မီဟိုင်းလိုဗစ်က လူကာကူ နဲ့ ပတ်သက်ပြီး ပွဲစဉ်မတိုင်ခင် သတင်းစာ ရှင်းလင်းပွဲမှာ အခုလိုပဲ ပြောဆို သွားခဲ့ပါတယ်။

Photo Credit: Marca

“ ကျွန်တော်တောင်မှပဲ လူကာကူ ကိူ ရပ်တန့်နိုင်ခြင်း မရှိခဲ့ပါဘူး။ သူက ကျွန်တော့်ထက် ပိုသန်မာတယ်၊ ပိုပြီး လူကောင်ကြီးတယ်၊ ပိုပြီး မြန်ပါတယ်။ တရားမဝင်တဲ့ လက်သီးချက်တွေနဲ့ ဆိုရင်တော့ ကျွန်တော်က သူ့ကို ဂိုးဧရိယာထဲမှာ တားဆီးကောင်း တားဆီးနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဘောလုံးလောကမှာတော့ ဒါကို ခွင့်မပြုထားဘူးလေ။ လူကာကူ ဘောလုံးဆွဲပြေးလာရင် ကျွန်တော် ဘာလုပ်ရမှန်းတောင် မသိတော့ပါဘူး ” လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။ လူကာကူ ဟာ ဒီရာသီ အင်တာမီလန် အသင်းအတွက် စီးရီးအေ ၉ ပွဲပါဝင် ကစားပေးထားပြီး ၈ ဂိုးသွင်းယူကာ ၂ ကြိမ် ဖန်တီး ပေးထား နိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ ၄ ပွဲပါဝင်ကစားထားပြီး ၄ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ အင်တာမီလန် အသင်းအနေနဲ့ လာမယ့် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ရှက်တာဒိုးနတ် နဲ့ ချန်ပီယံလိဂ်ပွဲစဉ် အဖြစ် ကစားသွားဖို့ ရှိပြီး သေချာပေါက် အနိုင်ရလဒ်ကို ပုံဖော်သွားဖို့ လိုအပ်နေပါတယ်။ လူကာကူ အနေနဲ့ အဆိုပါ ပွဲစဉ်မှာလည်း အင်တာမီလန် အသင်းအတွက် ဘယ်လောက်ထိ လုပ်ပြနိုင်မလဲဆိုတာကို စောင့်ကြည့်ရပါမယ်။