ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ ဂိုးသမားဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ဘယ်လ်ဂျီယံကလပ် ဘရုဂေးရဲ့ နံပါတ်တစ် ဂိုးသမား တဦး အဖြစ် အသုံးတော်ခံနေတဲ့ မစ်နိုလက်ကတော့ ယခုနှစ် ဘောလုံးရာသီမှာ ဘရုဂေးနဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အံ့မခန်း စွမ်းဆောင်ရည်တွေ ပြသထားနိုင်ကြောင်း သိရပါတယ်။

အသက် ၃၄နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် ဝါရင့် ဂိုးသမား မစ်နိုလက်ဟာ တချိန်က လီဗာပူးရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ နည်းပြအပြောင်းအလဲကြောင့် နေရာရဖို့ ရုန်းကန်ခဲ့ရပြီး ၂၀၁၉ခုနှစ်မှာတော့ လီဗာပူးကနေ ဘရုဂေးထံ ပြောင်းရွှေ့ကြေး ယူရို ၇သန်းနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

Photo Credit: Metro

ဘရုဂေးထံ ရောက်ရှိပြီးနောက် မစ်နိုလက်က အသင်းရဲ့ နံပါတ်တစ် ဂိုးသမားနေရာကို အပိုင် သိမ်းနိုင်ခဲ့သလို သူ့ရဲ့ လက်စွမ်း ၊ ခေါင်းဆောင်နိုင်မှု စွမ်းရည်တွေနဲ့အတူ အသင်းကို အကောင်းဆုံး ဦးဆောင်ပေးထားကာ ယခုနှစ် ဘောလုံးရာသီမှာ ဆိုရင်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲဆီ ပို့ဆောင်ပေးထားပါတယ်။

မစ်နိုလက်ရဲ့ ဘရုဂေးက ယခုနှစ် ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ အက်သလက်တီကို မက်ဒရစ် ၊ ပေါ်တို ၊ လေဗာကူဆင် စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်နေသလို ပရိသတ်အားလုံး မထင်မှတ်ထားတဲ့ စွမ်းဆောင်ရည် တရပ် အဖြစ် အုပ်စုရဲ့ ပထမအကျော့ ၃ပွဲစလုံးကို အနိုင်ယူပြထားသလို ပေးဂိုး တဂိုးမှလည်း ခွင့်ပြုရခြင်း မရှိသေးပါဘူး။

Photo Credit: Metro

ဘရုဂေးက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အစဉ်အလာကောင်းတွေ သိပ်မရှိတဲ့ အသင်းတသင်း ဖြစ်ပေမယ့် မစ်နိုလက် ဦးဆောင်နေတဲ့ ခံစစ်ကြောင်းက အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပိုင်ဆိုင်ထားတာကြောင့် ပေးဂိုး ၁ဂိုးမှ ခွင့်မပြုရသေးပဲ အုပ်စုပွဲစဉ်(၃) အပြီးမှာပဲ အုပ်စုဗိုလ်အဖြစ်နဲ့ ရပ်တည်နေကာ နောက်တဆင့်ဆီ တက်ရောက်နိုင်ဖို့ ရမှတ် ၃မှတ်သာ ထပ်မံ စုဆောင်းဖို့ လိုအပ်ပါတော့တယ်။

ဒါ့အပြင် ဘရုဂေးရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်တဲ့ မစ်နိုလက်ဟာ ယခုနှစ် ဘောလုံးရာသီ ချန်ပီယံလိဂ် အုပ်စုအဆင့်ရဲ့ ပထမအကျော့ ပွဲစဉ်တွေ အပြီးမှာ ပေးဂိုး လုံးဝ မရှိသေးတဲ့ ဂိုးသမား အဖြစ် ဘိုင်ယန်မြူးနစ် ဂိုးသမား နူအာနဲ့အတူ ရပ်တည်နေနိုင်ပြီး သူ့ရဲ့ လက်စွမ်းကောင်းတွေကြောင့်ပဲ ဘယ်လ်ဂျီယံနည်းပြ မာတီနက်ဇ်က လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ အတွက် မစ်နိုလက်ကို ရွေးချယ်ရန် ဆုံးဖြတ်ထားကြောင်းလည်း သိထားရပါတယ်။