ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးရဲ့ အဓိက တိုက်စစ်မှူး မိုဟာမက် ဆာလာက ယခုနှစ် ဘောလုံးရာသီ အကုန်မှာ လီဗာပူးကို စွန့်ခွာကာ အရှေ့အလယ်ပိုင်း ဘောလုံးအင်အားကြီးနိုင်ငံ ဖြစ်တဲ့ ဆော်ဒီနိုင်ငံဆီ ပြောင်းရွှေ့ကာ ကစားတော့မယ်လို့ အီဂျစ်ဂန္တဝင် မီဒိုက နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၁နှစ် အရွယ် အီဂျစ်လက်ရွေးစင် အသင်းခေါင်းဆောင် တိုက်စစ်မှူး မိုဟာမက် ဆာလာက လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ၅ဦး စာရင်းထဲမှာ ပါဝင်နေသူ ဖြစ်ပြီး သူက လီဗာပူးရဲ့ မရှိမဖြစ် တိုက်စစ်မှူးလည်း ဖြစ်ပါတယ်။

Photo Credit: Standard

မိုဟာမက် ဆာလာက ယခုနှစ် ဘောလုံးရာသီမှာ လီဗာပူးအတွက် ပြိုင်ပွဲစုံမှာ ၂၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၉ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁၀ကြိမ် အထိ ပြုလုပ်ထားပြီး သူက လီဗာပူးတိုက်စစ်ရဲ့ အသက်သွေးကြော ဖြစ်ပေမယ့် သူနဲ့ လီဗာပူးရဲ့ ကြားထဲမှာ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၁နှစ်ကျော်သာ သက်တမ်း ကျန်ပါတော့တယ်။

လီဗာပူးက မိုဟာမက် ဆာလာကို စာချုပ်သစ် ကမ်းလှမ်းဖို့ စဉ်းစားနေပေမယ့် တဖက်မှာလည်း ဆော်ဒီထိပ်သီးကလပ်တွေက ဆာလာကို မြင့်မားတဲ့ လုပ်ခလစာ တရပ် အပါအဝင် မက်မောစရာ ကမ်းလှမ်းမှုတွေနဲ့ ကမ်းလှမ်းထားပြီး ဆော်ဒီကလပ်တွေက လာမယ့် နွေဈေးကွက်မှာ ဆာလာကို ခေါ်ယူနိုင်ဖို့ ယခုချိန်ထဲက အသည်းအသန် ကြိုးပမ်းနေပါတယ်။

Photo Credit: Metro

အီဂျစ်ဘောလုံးလောကရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို ဆာလာနဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတဲ့ မီဒိုကတော့ ဆာလာဟာ လာမယ့် နွေဈေးကွက်မှာ လီဗာပူးကို စွန့်ခွာပြီး ဆော်ဒီလိဂ်ဆီ ပြောင်းရွှေ့တော့မှာ ဖြစ်ပြီး ဆာလာက ဆော်ဒီလိဂ်နဲ့ အကြိုသဘောတူညီမှု စာချုပ်မှာတောင် လက်မှတ်ထိုးပြီးသွားပြီလို့ ဆိုပါတယ်။

ဆာလာက ဆော်ဒီကလပ်တွေဆီ ပြောင်းရွှေ့ရင် လက်ရှိ ဘောလုံးကြယ်ပွင့်တွေ ဖြစ်ကြတဲ့ ရိုနယ်ဒို ၊ နေမာ ၊ ဘန်ဇီမာ ၊ မာရက်ဇ် စတဲ့ ကစားသမားတွေနည်းတူ မြင့်မားတဲ့ လုပ်ခလစာ တရပ်ကို ရရှိမှာ ဖြစ်သလို လီဗာပူးကလည်း ဆာလာအတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၈၀သန်းနဲ့ ၁၀၀သန်းကြား ရရှိမှာ ဖြစ်တာကြောင့် ဆာလာရဲ့ အပြောင်းအရွှေ့က သုံးဦး သုံးဖက်စလုံး အတွက် အကျိုးရှိမယ့် အပြောင်းအရွှေ့ တခုပဲ ဖြစ်ပါတယ်။