MySport Myanmar

မော်ရင်ဟိုက ရီးယဲလ်ကို ပြန်သွားပြီး မိုဆာလာကိုပါ ခေါ်ယူလိမ့်မယ်လို့ မီဒို ခန့်မှန်း

ရိုးမားအသင်းကို ယူရိုပါကွန်းဖရန့်လိဂ်ဖလား အရယူဆောင်ပေးနိုင်ခဲ့သူ နာမည်ကျော် ပေါ်တူဂီလူမျိုး နည်းပြကြီး ဂျိုဆေးမော်ရင်ဟိုအနေနဲ့ သူရဲ့အသင်းဟောင်းတစ်သင်းဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်အသင်းဆီကို ပြန်လည်ကိုင်တွယ်သွားမှာဖြစ်ကြောင်းနဲ့ သူနဲ့ ချယ်လ်ဆီးအသင်းမှာ လက်တွဲခဲ့ဖူးတဲ့ မိုဟာမက်ဆာလာကိုလည်း ရီးယဲလ်အသင်းဆီ ခေါ်ဆောင်သွားမှာဖြစ်ကြောင်း အီဂျစ်ကစားသမားဟောင်းကြီး မီဒိုက ခန့်မှန်းသုံးသပ်လိုက်ပါတယ်။

Photo Credit : The Mirror

အသက်(၅၉)နှစ်အရွှယ်ရှိ နည်းပြကြီး မော်ရင်ဟိုဟာ အင်တာမီလန်အသင်းကို တစ်ရာသီ ဖလား(၃)လုံး ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် ၂၀၁ဝခုနှစ်မှာပဲ ရီးယဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ ရီးယဲလ်အသင်းမှာ (၃)နှစ်အထိ တာဝန်ယူပြီးတဲ့နောက်မှာ မန်ချက်စတာယူနိုက်တက် တော့တင်ဟမ်ဟော့စပါးအသင်းတွေမှာ ဆက်တိုက်တာဝန်ယူခဲ့တဲ့ မော်ရင်ဟိုဟာ လက်ရှိမှာ ရိုးမားနည်းပြအဖြစ် ဆောင်ရွှက်နေပြီး လက်ရှိမှာလည်း ရိုးမားကို ကွန်းဖရန့်လိဂ် ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။

Photo Credit : Daily Express

ရိုးမားအသင်းဟာ သမိုင်းတလျှောက်မှာ ဥရောပအောင်မြင်မှု တစ်ကြိမ်မှ မရယူဖူးနိုင်ခဲ့ပေမယ့်လည်း အသင်းကို မော်ရင်ဟို ရောက်ရှိလာချိန်မှာတော့ ကွန်းဖရန့်လိဂ်ဖလားကို အရယူပေးနိုင်ခဲ့ပါတယ်။ ဒီလို စွမ်းဆောင်နိုင်ခဲ့တဲ့ မော်ရင်ဟိုဟာ သူရဲ့ကလပ်အသင်းဟောင်းဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်အသင်းဆီကို ပြန်သွားပြီး သူရဲ့ ကစားသမားဟောင်း ဖြစ်ခဲ့ဖူးသူ မိုဆာလာကိုလည်း ရီးယဲလ်အအသင်းဆီ ခေါ်ဆောင်သွားလိမ့်မယ်လို့ အီဂျစ်ကစားသမားဟောင်း မီဒိုက သုံးသပ်လိုက်ပါတယ်။ မီဒိုက သူရဲ့တွစ်တာပေါ်ကနေ “မော်ရင်ဟိုက မက်ဒရစ်ကို ပြန်သွားပြီး ဆာလာကိုပါ ခေါ်ယူသွားလိမ့်မယ်လို့ ကျွန်တော် ခံစားနေမိပါတယ်။ ဆာလာကို မော်ရင်ဟိုလက်ထက် မက်ဒရစ်အသင်းမှာ ကစားနေတာကို ကျွန်တော်မြင်ချင်မိပါတယ်” လို့ ရေးသားသွားခဲ့ပါတယ်။ မီဒိုက အခုလို သုံးသပ်ထားခဲ့ပေမယ့် သူနဲ့ တစ်နိုင်ငံတည်းသားဖြစ်တဲ့ ဆာလာကတော့ ချယ်လ်ဆီးမှာ ရှိခဲ့စဉ်ကတည်းက မော်ရင်ဟိုလက်အောက် နေရာပျောက်ခဲ့ရသူ ဖြစ်သလို မကြာသေးခင်ကလည်း သူရဲ့လက်ရှိကလပ် လီဗာပူးလ်အသင်းနဲ့ လာမယ့် ဘောလုံးရာသီကို ဆက်လက်ဖြတ်သန်းသွားဦးမှာ သေချာတယ်လို့ အခိုင်အမာ ထုတ်ဖော်ပြောဆိုထားခဲ့တာ ဖြစ်ပါတယ်။

Exit mobile version