လိဂ်ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့အသင်းဟာ လာမယ့် weekend မတိုင်ခင်မှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းကြီးလည်းဖြစ် လက်ထောက်နည်းပြ/ယာယီနည်းပြဟောင်း တစ်ဦးလည်းဖြစ်တဲ့ မိုက်ကယ်ကာရစ်ကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်လိမ့်မယ်လို့ ယုံကြည်လျက် ရှိနေပါတယ်။
Photo Credit : The Independent
မစ်ဒယ်ဘရော့အသင်းဟာ အသင်းနည်းပြ ခရစ္စဝိုင်လ်ဒါနဲ့ လမ်းခွဲခဲ့ပြီးနောက်ပိုင်း နည်းပြသစ်တစ်ဦးကို လိုက်လံရှာဖွေလျက် ရှိနေရာ ယူနိုက်တက်မှာ ကစားသမားရော နည်းပြအဖွဲ့ဝင်အဖြစ်နဲ့ပါ ပါဝင်ခဲ့တဲ့ အင်္ဂလန်ကစားသမားဟောင်းကြီး ကာရစ်ကို စိတ်ဝင်စားလာခဲ့ပါတယ်။ ယူနိုက်တက်ကို ယာယီနည်းပြ ရန်းနစ်ကို ရောက်လာချိန်ကတည်းက အသင်းလက်မဲ့ ဖြစ်သွားခဲ့တဲ့ ကာရစ်ဟာ နည်းပြနယ်ပယ်ထဲကို ခြေချဝင်ရောက်လာဖို့ စိတ်ဝင်စားနေတဲ့အတွက် နည်းပြတစ်ဦး အလိုရှိနေတဲ့ မစ်ဒယ်ဘရော့အသင်းနဲ့ လွန်ခဲ့တဲ့တစ်ပတ်ကနေ စတင်ပြီး ဆွေးနွေးမှုတွေ လုပ်ဆောင်နေခဲ့ကြတာ ဖြစ်ပါတယ်။
Photo Credit : Daily Mail
မစ်ဒယ်ဘရော့အသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း လိဂ်ချန်ပီယံရှစ် ပြိုင်ပွဲအတွင်း (၁၄)ပွဲ ကစားထားပြီးချိန်မှာ (၃)ပွဲသာနိုင် (၄)ပွဲသရေနဲ့ (၇)ပွဲရှုံးထားခဲ့ရပြီး အမှတ်ပေးဇယားရဲ့ အဆင့်(၂၂)နေရာအထိ ရောက်ရှိနေရပါတယ်။ ဒီလို အခြေအနေဆိုးတွေကြောင့် မစ်ဒယ်ဘရော့အသင်းက နည်းပြဝိုင်လ်ဒါနဲ့ လမ်းခွဲခဲ့ပြီး ကာရစ်နဲ့ ပြန်လည် အစားထိုးသွားဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။ ကာရစ်ကလည်း အသင်းတစ်သင်းရဲ့ နည်းပြချုပ်တစ်ဦးအဖြစ် တာဝန်ယူ ကိုင်တွယ်ခဲ့ဖူးခြင်း မရှိသေးတဲ့အတွက် မစ်ဒယ်ဘရော့ရဲ့ ကမ်းလှမ်းမှုအပေါ် စိတ်ဝင်စားလျက် ရှိနေရပြီး ကမ်းလှမ်းမှုကိုလည်း လက်ခံသွားဖွယ်ပါ ရှိနေတာကြောင့် မစ်ဒယ်ဘရော့ဘက်က ဟတ်ဒါဖီးလ်အသင်းနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်မတိုင်ခင်မှာပဲ ကာရစ်ကို ခန့်အပ်နိုင်လိမ့်မယ်လို့ ယုံကြည်လျက် ရှိနေပါတယ်။ ကာရစ်ဟာ ယူနိုက်တက်အသင်းကို မော်ရင်ဟို ဆိုးလ်ရှားတို့ ကိုင်တွယ်ချိန်တုန်းက အသင်းရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် တာဝန်ယူ ဆောင်ရွှက်ခဲ့ဖူးသလို ဆိုးလ်ရှား အထုတ်ခံရအချိန်ကလည်း အသင်းရဲ့ ယာယီနည်းပြအဖြစ် (၃)ပွဲ ကိုင်တွယ်ခဲ့ပြီး (၂)ပွဲနိုင် (၁)ပွဲသရေကျကာ ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။