ဒေါ့မွန်အသင်း ရဲ့ ကွင်းလယ် ကစားသမား ဟောင်း တစ်ဦးဖြစ်သလို အကြီးအကဲ တစ်ဦးလည်း ဖြစ်တဲ့ မိုက်ကယ်ဇော့ က ဘွန်ဒက်လီဂါ ပွဲစဉ် ၉ အဖြစ် စနေနေ့မှာ ကစားမယ့် ကိုလုံးဂ်ျရှ် နဲ့ ပွဲမတိုင်ခင်မှာ ဟာလန်းရဲ့ အနာဂါတ်နဲ့ ပတ်သက်ပြီး ပြောဆို ဆွေးနွေးသွားခဲ့ပါတယ်။ အားကစား ဒါရိုက်တာ မိုက်ကယ်ဇော့က ဟာလန်း နဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ အပြောင်းအရွှေ့ သတင်းတွေ နဲ့ ပတ်သက်ပြီး ငြင်းဆန်ခဲ့ကာ ဒေါ့မွန်အနေနဲ့ ကြယ်ပွင့် ကစားသမား ဟာလန်း နဲ့ အတူ ရေရှည်အနာဂါတ် ကို တည်ဆောက်ဖို့ စီစဉ်နေကြောင်း ပြောဆိုခဲ့ပါတယ်။ ဟာလန်း ဟာ ရီးရဲလ်မက်ဒရစ်၊ မန်ချက်စတာ ယူနိုက်တက် နဲ့ ဂျုဗင်တပ် စတဲ့ အသင်းကြီးတွေရဲ့ ကမ်းလှမ်းမှုကို ပယ်ချပြီးတော့ ဆော့ဇ်ဘက်ဂ်ျ အသင်းကနေ ဒေါ့မွန်အသင်းကို ဇန်နဝါရီလက စတင်ပြီး ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Standard

ဟာလန်း အနေနဲ့ ဒေါ့မွန် ကို ရောက်စကတည်းက အချိန်တိုအတွင်း ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီးတော့ အကောင်းဆုံး လူငယ်တိုက်စစ် ကစားသမား အဖြစ် မီဒီယာ တွေရဲ့ စာမျက်နှာ အသီးသီးမှာ မျိုးစုံချီးကျုး ခံခဲ့ရပါတယ်။ အသက်၂၀ အရွယ် သာ ရှိသေးတဲ့ ဟာလန်း ဟာ ၂၀၂၀ ခုနှစ်ရဲ့ Golden Boy ဆုကို ရရှိခဲ့တဲ့ အပြင် အင်္ဂါနေ့က ကစားခဲ့တဲ့ ကလပ် ဘရူးဂါး နဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ အဖွင့်ဂိုး သွင်းယူအပြီးမှာ ချန်ပီယံလိဂ် သမိုင်းပြိုင်ပွဲတစ်လျှောက် သွင်းဂိုး ၁၅ ဂိုးကို အမြန်ဆုံးသွင်းယူနိုင်တဲ့ ကစားသမား အဖြစ်လည်း မှတ်တမ်းတင်ခံခဲ့ရပါတယ်။ ဟာလန်း ဟာ ဒီရာသီ ဘွန်ဒက်လီဂါ ပြိုင်ပွဲ ၇ ပွဲ ပါဝင် ကစားထားခဲ့ပြီးတော့ ၁၀ ဂိုးအထိ ‌ဒေါ့မွန် အသင်း အတွက် သွင်းယူနိုင်ခဲ့ပါတယ်။ ဟာလန်း ရဲ့ အခုလို အားရစရာ ခြေစွမ်းတွေကြောင့် ဥရောပ အသင်းကြီးတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေတာဟာ မထူးဆန်းပါဘူး။

Photo Credit: Standard

မိုက်ကယ်ဇော့ ကတော့ ဟာလန်းရဲ့ အနာဂါတ်နဲ့ ပတ်သက်ပြီး အခုလို ဆွေးနွေး ပြောဆိုသွားခဲ့ပါတယ်။ “ အားလင်း ဟာလန်းရဲ့ စိတ်အားထက်သန်မှု တွေ မြင့်တက်နေတာ မြင်ရတော့ ကျွန်တော် ပျော်ပါတယ်။ ဘာလို့လဲဆိုရင် အဲ့ဒါက သူ့ အနေနဲ့ ကျွန်တော်တို့ အပေါ် အကောင်းဆုံး ကစားပေးတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲလေ။ ပြီးတော့ ကျွန်တော်တို့ အားလုံး ကောင်းတဲ့ အလုပ်ကို လုပ်နိုင်ခဲ့ကြပြီ။ ကျွန်တော် တခြား နည်းပြတွေ အပေါ်ကို ပြောစရာတော့ မရှိပါဘူး။ ဘာလို့လဲဆိုရင် ကျွန်တော်တို့ က ဟာလန်းနဲ့ ပတ်သက်ပြီး ရေရှည် အနာဂါတ်ကို တည်ဆောက်ဖို့ စီစဉ်နေတာကြောင့်ပါ။ သူက ကျွန်တော်တို့ အတွက် အကောင်းဆုံး ကစားပေးနေပါတယ်။ သူက ကျွန်တော်တို့နဲ့ အတူ ရှိတာ သိပ်တောင် မကြာသေးပါဘူး။ တစ်နှစ်တောင် မရှိသေးပါဘူး။ ကျွန်တော့် အနေနဲ့ သူ့ကို အသင်းမှာ အချိန်အကြာကြီး မြင်တွေ့နေချင်ပါသေးတယ် ” လို့ ပြောဆိုခဲ့ပါတယ်။ ဟာလန်း ဟာ ဒေါ့မွန် အသင်းကို ရောက်တဲ့ အချိန်က စတင်ပြီးတော့ အသင်း အတွက် ၃၁ ပွဲကစားပေးထားပြီး ၃၃ ဂိုး အထိ သွင်းယူပေးထားနိုင်တာ ဖြစ်ပါတယ်။