ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဒေါ့မွန် အသင်း ရဲ့ အားကစား ဒါရိုက်တာ ဖြစ်သူ မိုက်ကယ်ဇော့ ကတော့ အသင်းရဲ့ တောင်ပံ ကစားသမား တစ်ဦး ဖြစ်တဲ့ ဂျေဒန် ဆန်ချို ရဲ့ လက်ရှိ ကျဆင်းနေတဲ့ ခြေစွမ်းပိုင်းနဲ့ ပတ်သက်ပြီး သူ့ ရဲ့ သဘောထားကို သတင်းစာရှင်းလင်းပွဲမှာ ပြောပြသွားခဲ့ပါတယ်။ အင်္ဂလန် လူငယ်တောင်ပံ ကစားသမား ဆန်ချို အနေနဲ့ မကြာခင် မှာ သူ့ရဲ့ အကောင်းဆုံး ပုံစံကို ပြန်လည် ရရှိပြီးတော့ ဒေါ့မွန် အသင်း အတွက် အကောင်း‌ဆုံး ကစားပေး နိုင်လိမ့်မယ်လို့ သူ့အနေနဲ့ ယုံကြည်ကြောင်း ဖွင့်ဟ ပြောဆို သွားခဲ့ပါတယ်။

Photo Credit: Tribuna

ဂျေဒန် ဆန်ချိုဟာ အရင် ၂၀၁၉-၂၀၂၀ ရာသီတုန်းကတော့ ဒေါ့မွန်အသင်း အတွက် အကောင်းဆုံး ခြေစွမ်းတွေ ပြသနိုင်ခဲ့ပြီးတော့ အသင်းအတွက် ၄၄ ပွဲကစားပေးခဲ့ပြီး ဂိုး ၂၀ သွင်းယူနိုင်ခဲ့ပါတယ်။ ဂိုးဖန်တီးမှု အပိုင်းမှာလည်း ၁၉ ကြိမ်အထိ ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆန်ချို အနေနဲ့ ဒီရာသီမှာတော့ ခြေစွမ်းပိုင်းက အကျဘက်ကို ရောက်ရှိနေပြီးတော့ ပုံမှန်ခြေစွမ်းပြဖို့တောင် ရုန်းကန်နေရတဲ့ အခြေအနေဖြစ်ပါတယ်။ ဆန်ချို အနေနဲ့ ဒေါ့မွန် အသင်း အတွက် ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ၄ ပွဲပါဝင် ကစားပေးထားပြီး ၂ ဂိုး သွင်းယူထားနိုင်ခဲ့ပေမယ့် ဘွန်ဒက်လီဂါ ပြိုင်ပွဲမှာတော့ ၇ ပွဲ ပါဝင် ကစားပေးထားအပြီး ဂိုးဖန်တီးမှုက ၂ ကြိမ်သာ ရှိထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီရာသီ ဘွန်ဒက်လီဂါ မှာ သွင်းဂိုးလည်း တစ်ဂိုးမှ သွင်းယူထားနိုင်ခြင်း မရှိသေးပါဘူး။

Photo Credit: Tribuna

ဆန်ချို အနေနဲ့ အခုလို ခြေစွမ်းပိုင်းက အားရ စရာ အခြေအနေမှာ ရှိမနေပေမယ့်လည်း ဒေါ့မွန် အသင်းရဲ့ အားကစား ဒါရိုက်တာ မိုက်ကယ်ဇော့ ကတော့ စနေနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ မှာ အခုလိုပဲ ဆန်ချိုဘက်ကနေ ကာကွယ်ပြောဆိုပေးခဲ့ပါတယ်။ “ သူ အကောင်းဆုံး ပုံစံမှာ ရှိမနေဘူးဆိုတာကို မြင်ရဖို့က လွယ်ကူတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ သူခြေစွမ်းပိုင်း ကျဆင်းနေတဲ့ အချိန်မှာ အကောင်းဆုံး ကြိုးစားပြီးတော့ ကစားတတ်တယ် ဆိုတာကို ကျွန်တော် ပြောနိုင်ပါတယ်။ ဂျေဒန် က စကားအများကြီး သိပ်မပြောတဲ့ ကစားသမား တစ်ဦးပါ။ ဒါပေမယ့် ပွဲတစ်ပွဲကို အဖြေပေးနိုင်ပါတယ်။ မနက်ဖြန်လား၊ ဒါမှမဟုတ် နောက်တစ်ပတ် အတွင်းလား၊ ဒါမှမဟုတ် တစ်ခြား အချိန်တစ်ခုခုမှာလား သူ ဘယ်အချိန်မှ ပုံမှန် ခြေစွမ်းရမလဲဆိုတာ ကျွန်တော် မသိပါဘူး။ ကျွန်တော် သိတာ တစ်ခုကတော့ သူ မကြာခင်မှာ ခြေစွမ်းပြန်ပြလာမယ် ဆိုတာပါပဲ ” လို့ ပြောဆိုခဲ့ပါတယ်။