လီဗာပူးလ်နဲ့ နယူးကာဆယ်အသင်းတို့ရဲ့ ကစားသမားဟောင်း မိုက်ကယ် အိုဝင်က အသင်းပြောင်းရွှေ့လိုနေတဲ့ တိုက်စစ်မှူး အလက်ဇန်းဒါး အီဆက်ခ်ရဲ့ လုပ်ရပ်တွေကို ဝေဖန်မှာမဟုတ်ကြောင်း ပြောကြားလိုက်ပြီး ကစားသမားရဲ့ ရပ်တည်ချက်ကို နားလည်ပေးနိုင်ကြောင်း ကာကွယ်ပြောဆိုလိုက်ပါတယ်။
အီဆက်ခ်ရဲ့ အပြောင်းအရွှေ့ဇာတ်လမ်းဟာ တိုက်စစ်မှူးဖြစ်သူက ယုံကြည်မှု ပျောက်ဆုံးသွားပြီဖြစ်ပြီး နယူးကာဆယ်အတွက် ဘယ်တော့မှ ပြန်ကစားတော့မှာ မဟုတ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် ပိုမိုတင်းမာလာခဲ့ပါတယ်။ နယူးကာဆယ်ဘက်ကလည်း ဒီထုတ်ပြန်ချက်အပေါ် စိတ်ပျက်မိကြောင်း တုံ့ပြန်ခဲ့ပါတယ်။
Photo Credit : Reddit
ဒါပေမဲ့ ဘာလွန်းဒေါဆုရှင်ဟောင်း အိုဝင်ကတော့ အီဆက်ရဲ့လုပ်ရပ်ကို ဝေဖန်ဖို့ ငြင်းဆန်ခဲ့ပြီး ကစားသမားတစ်ယောက်ရဲ့ ဘဝမှာ ကလပ်အသင်းတွေက အလွယ်တကူ စွန့်ပစ်တတ်တဲ့ နှစ်ဖက်ချွန်စံနှုန်းတွေကို ထောက်ပြခဲ့ပါတယ်။ Chronicle Live နဲ့ သီးသန့်တွေ့ဆုံရာမှာ အိုဝင်က “သူ့ရဲ့သဘောထားကို အကုန်ဖွင့်ချလိုက်ပြီ မဟုတ်လား။ သူအသင်းပြောင်းချင်နေတာ အရမ်းရှင်းနေပါတယ်။ နယူးကာဆယ် ပရိသတ်တွေက သူ့ကို ခွင့်လွှတ်ပါ့မလားဆိုတာကတော့ မေးခွန်းကြီးတစ်ခုပါပဲ။ သူက အသင်းအတွက် ထူးထူးချွန်ချွန် ကစားပေးခဲ့တယ်။ ဖလားတစ်လုံးရအောင် ကူညီခဲ့တယ်။ ချန်ပီယံလိဂ်ဝင်ခွင့်လည်း ရခဲ့တယ်လေ။”
“သူ့ထုတ်ပြန်ချက်အရဆိုရင် သူ့ဘက်က လုပ်ပေးရမယ့် ကတိကို တည်ခဲ့ပြီးပြီလို့ သူခံစားနေရတယ်။ အရင်ကတည်းက သူ့ကိုထွက်ခွာခွင့်ပေးမယ့် သဘောတူညီမှုမျိုး ရှိခဲ့ပုံရပေမယ့် နယူးကာဆယ်က အဲ့ဒီအတိုင်း လိုက်လုပ်မပေးတဲ့ပုံပါပဲ။ ဒီအခြေအနေတစ်ခုလုံးက စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ (၁၀)ကြိမ်မှာ (၉)ကြိမ်လောက်က ကလပ်အသင်းက ကစားသမားတစ်ယောက်ကို အတင်းအကျပ် ထွက်ခွာခိုင်းတဲ့အခါ ဘယ်သူမှ ဘာမှဝင်မပြောကြဘူး။ အဲ့ဒီကစားသမားရဲ့ ကလေးတွေ ကျောင်းတက်နေတာ မိသားစုတစ်ခုလုံး အခြေကျနေတာတွေကို ဘယ်သူမှ ဂရုမစိုက်ကြဘူး။”
Photo Credit : SPORTbible
“တကယ်တော့ ဘောလုံးသမားတစ်ယောက်ရဲ့ ဘဝကို ဘယ်သူမှ တကယ်ဂရုမစိုက်ပါဘူး။ ဒါပေမဲ့ ကစားသမားဘက်က အသင်းပြောင်းချင်လို့ တွန်းအားပေးတဲ့အခါကျတော့ တစ်ကမ္ဘာလုံးက ပွက်လောရိုက်သွားပြီး ဘယ်လိုတောင် လုပ်ရဲရတာလဲလို့ ပြောကြတယ်။ ဒါကြောင့် ကျွန်တော်ဒီနေရာမှာထိုင်ပြီး အီဆက်ခ်ကို ဝေဖန်မှာ မဟုတ်ပါဘူး။”
“သူလုပ်ခဲ့တဲ့ လုပ်ရပ်မျိုးကို ကျွန်တော်ကိုယ်တိုင်တော့ လုပ်မှာမဟုတ်ဘူး။ ဒါပေမဲ့ သူက ထိပ်တန်းရောက်ချင်နေတဲ့ ကစားသမားကောင်းတစ်ယောက်ဖြစ်ပြီး သူအရမ်းပြောင်းချင်နေတဲ့ အပြောင်းအရွှေ့ကို ခွင့်ပြုချက်မရတဲ့အခါ ခံစားရပုံကို ကျွန်တော်နားလည်ပါတယ်။ ကစားသမားဘဝက တိုတောင်းပြီး သူကလည်း လက်ရှိကမ္ဘာ့အကောင်းဆုံးအသင်းလို့ ပြောနိုင်တဲ့အသင်းဆီ သွားချင်နေတာလေ။ သူ့ဘက်ကကြည့်ရင် ကျွန်တော်နားလည်ပါတယ်။ ဒါပေမဲ့ ဒီလိုကိစ္စတွေ မီဒီယာပေါ်မှာ လူသိရှင်ကြားဖြစ်လာတာကတော့ ဝမ်းနည်းစရာကောင်းတဲ့ အခြေအနေတစ်ခုပါပဲ။ သူ့ရဲ့နာမည်ဂုဏ်သတင်းအတွက်တော့ သိပ်မကောင်းဘူးပေါ့။” လို့ အိုဝင်က သုံးသပ်ခဲ့ပါတယ်။