ဒီနေ့ညမှာတော့ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ (၁၆)သင်းအဆင့် ရှံးထွက်ဒုတိယအကျော့ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းနဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းတို့ဟာ အင်္ဂလန်နိုင်ငံက လီဗာပူးလ်ရဲ့အိမ်ကွင်းအန်ဖီးလ်မှာ ယှဉ်ပြိုင်ကစားရတော့မှာပဲဖြစ်ပါတယ်။ ဒီနှစ်သင်းက ပထမအကျော့မှာတော့ လာလီဂါထိပ်သီးကလပ် အသက်လက်တီကိုအသင်းက ဆာအူးရဲ့သွင်းဂိုး(၁)ဂိုးတည်းနဲ့ ကပ်အနိုင်ခဲ့ရပြီး အခု ဒုတိယအကျော့မှာတော့ ဘယ်အသင်းက နောက်တစ်ဆင့် ကွာတားဖိုင်နယ်ကို တတ်လှမ်းသွားနိုင်မလဲဆိုတာကို အဖြေပေါ်တော့မှာပဲဖြစ်ပါတယ်။

Photo Credit : Getty Image

အန်ဖီးလ်ကွင်းမှာ ကစားရမယ့် ဒုတိယအကျော့ပွဲစဉ်အတွင်းမှာတော့ လီဗာပူးလ်အသင်းအနေနဲ့ ပထမအကျော့ရလဒ်ကို ချေဖျက်ပြီး အကောင်းဆုံး ပြန်လာနိုင်ခဲ့မယ်ဆိုတာ သေချာနေကြောင်း လီဗာပူးလ်အသင်းရဲ့ကစားသမားဟောင်း မိုက်ကယ်အိုဝင်က ပြောဆိုလာခဲ့ပါတယ်။ လက်ရှိမှာ ဘောလုံးသမားဘဝကနေ အနားယူပြီး ဘောလုံးပွဲသုံသပ်သူအဖြစ် ဆောင်ရွက်လျက်ရှိနေတဲ့ အိုဝင်ဟာ Bet Victor ရဲ့ အင်တာဗျူးမှာ သူရဲ့အသင်းဟောင်းအအပေါ် ယုံကြည်မှုအပြည့်ရှိနေတယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Liverpool FC

အိုဝင်က “ပထမအကျော့ စပိန်မြေမှာ ကစားခဲ့တဲ့ ပွဲစဉ်အတွင်းမှာတော့ လီဗာပူးလ်အတွက် အတော်လေးကို ခက်ခဲခဲ့ရပြီး ၁ဂိုးတည်းနဲ့ အရေးနိမ့်ခဲ့ပါတယ်။ အခုလက်ရှိမှာတော့ အန်ဖီးလ်မှာ အသက်လက်တီကိုတို့ ရလဒ်ကောင်းအောင် ကစားနိုင်မယ်လို့ ကျွန်တော်မထင်မိဘူး။ ကျွန်တော်အတွက်ဆိုရင် လီဗာပူးလ်အသင်းဟာ အန်ဖီးလ်မှာ ကစားရတဲ့ ချန်ပီယံလိဂ်ညချမ်းတိုင်းလိုလိုကို သွင်းဂိုးတွေရယူနေတတ်တဲ့ အသင်းပဲလေ။ ဒီတော့ ယာဂန်ကလော့နဲ့ လီဗာပူးလ်အသင်းသားတွေ ပထမအကျော့ရလဒ်ကို အလှည့်အပြောင်းဖြစ်လာအောင် ကြိုးစားလာကြမယ်ဖြစ်သလို ကွာတားကိုလည်း တတ်လှမ်းနိုင်ပါလိမ့်မယ်” လို့ ယုံယုံကြည်ကြည်နဲ့ ပြောဆိုသွားခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးလ်အသင်းဟာ ဒီညမှာ ဧည့်သည်အသက်လက်တီကိုအသင်းဘက်ကို ဂိုးမပေးရအောင်လည်း သေချာထိန်းချုပ်ကစားဖို့ လိုအပ်နေပြီး သွင်းဂိုး(၁)ဂိုးပေးလိုက်တာနဲ့ နောက်တစ်ဆင့်တတ်ရေး ပိုအလှမ်းဝေးသွားနိုင်မှာဖြစ်တဲ့အတွက် ခံစစ်ကို ဂရုတစိုက် ပြင်ဆင်လာရနိုင်ပါတယ်။