ပရီးမီးယားလိဂ်ပွဲစဉ်တွေကို အပတ်စဉ်တိုင်း သုံးသပ်နေလျက်ရှိတဲ့ ဘောလုံးသမားဟောင်းကြီး မိုက်ကယ်အိုဝင်ကတော့ လက်ရှိအချိန်မှာ ဘောလုံးပရိသတ်တွေ စိတ်ဝင်အစားဆုံး ဖြစ်လို့နေတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ Top 4 လက်ကျန်(၂)နေရာဖြစ်သော အဆင့်(၃)နဲ့ အဆင့်(၄)နေရာတွေကို ဘယ်အသင်းတွေက ရယူသွားနိုင်မလဲဆိုတာကိုပါ ခန့်မှန်းသုံးသပ်သွားခဲ့ပါတယ်။

“လီဗာပူးလ်အသင်းအတွက် ဒီရာသီက ထူးခြားမှုတွေနဲ့ ပြည့်နက်နေတဲ့ ရာသီတစ်ခုပါ။ နောက်ပိုင်းပွဲတွေမှာဆိုရင် အခွင့်အရေးတွေ များစွာဖန်တီးနိုင်ခဲ့သလောက် အဲ့ဒီအခွင့်အရေးတွေကို လက်လွတ်ခံခဲ့ရတယ်။ ဝက်စ်ဘရွန်းနဲ့ပွဲမှာတော့ အခွင့်အရေးက အနည်းလေးပဲ ဖန်တီးနိုင်ခဲ့တယ်။ စွမ်းဆောင်ရည်ကလည်း စိတ်ပျက်စရာ။ ဒါပေမယ့် နောက်ကျအနိုင်ဂိုးနဲ့ အဆင်ပြေသွားခဲ့တယ်။ လာမယ့်ပွဲတွေမှာတော့ မဖြစ်မနေကို အနိုင်ကစားရတော့မယ်”

“လက်ကျန်(၂)နေရာအတွက် ယှဉ်ပြိုင်ရမယ့် အသင်း(၃)သင်းမှာ လီဗာပူးလ်အသင်းက လက်ကျန်ပွဲအချောင်ဆုံး အသင်းလို့ ခင်ဗျားပြောနိုင်ပါမယ်။ ဒီအသင်း(၃)သင်းရဲ့နေရာကိုတော့ တခြားသော အသင်းတွေဖြစ်တဲ့ စပါးနဲ့ ဝက်စ်ဟမ်းတို့က ဝင်နိုင်မှာမဟုတ်ဘူး။ ဆိုတော့ လီဗာပူးလ် ချယ်လ်ဆီး လက်စတာတို့ (၃)သင်းကပဲ ဒီလက်ကျန်(၂)နေရာအတွက် ယှဉ်ပြိုင်ကြရမယ်။ ကျွန်တော်ကတော့ လီဗာပူးလ်နဲ့ နောက်အသင်းတစ်သင်းက ချန်ပီယံလိဂ်ဝင်ခွင့်ကို ရသွားမယ်လို့ ထင်မိတယ်။ ပြောရတာတော့ တော်တော်ခက်တယ်။ ကျွန်တော် လီဗာပူးလ်နဲ့ ချယ်လ်ဆီးလို့ပဲ ထင်မိတယ်။ ဘာကြောင့်လဲဆိုတော့ ချယ်လ်ဆီးက လက်စတာကို အနိုင်ယူနိုင်လိမ့်မယ်လို့ ကျွန်တော်ထင်လို့ပါ” ဆိုပြီး သူရဲ့ထင်မြင်ချက်ကို ပြောဆိုသွားခဲ့ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေရတဲ့ ချယ်လ်ဆီးနဲ့ လက်စတာအသင်းတို့ဟာ ဒီနေ့ညမှာပဲ ထိပ်တိုက်ရင်ဆိုင်ရဦးမှာဖြစ်ပြီး အက်အေဖလား မကြေပွဲအဖြစ်ရော ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အားပြိုင်မှုအဖြစ်နဲ့ပါ အားကုန်ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။