MySport Myanmar

သူ့အတွက် ၂၀၂၅ ဘာလွန်းဒေါဆုရှင်က ဘာပေပဲလို့ အိုဝင် မှတ်ချက်ပေး

၂၀၂၅ ခုနှစ်အတွက် Ballon d’Or ဆုပေးပွဲစဉ်ဟာ လာမယ့်သီတင်းပတ်တွေမှာ အလွန်စိတ်ဝင်စားစရာကောင်းလာတော့မှာဖြစ်ပြီး ဆန်ခါတင်စာရင်းမှာတော့ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီအသင်းတို့က အဓိက လွှမ်းမိုးထားပါတယ်။

ဘာစီလိုနာအသင်းဟာ နည်းပြသစ် ဟန်ဆီ ဖလစ်ခ်ရဲ့ လက်ထက် ပထမဆုံးရာသီမှာပဲ ပြည်တွင်းဖလားသုံးလုံးအောင်မြင်မှုကို ရယူနိုင်ခဲ့တာကြောင့် သူတို့ရဲ့ ကစားသမားတွေ ဆန်ခါတင်စာရင်းမှာ အများအပြားပါဝင်လာခဲ့ပြီး လာမင်း ယာမယ်လ်ကတော့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ တစ်ဖက်မှာလည်း ပီအက်စ်ဂျီအသင်းက သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့ပြီး လူးဝစ် အင်းနရစ်ရဲ့အသင်းအတွက်တော့ အူစမန် ဒမ်ဘီလီက ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။

Photo Credit : Goal

ဒီအသင်းကြီးတွေနဲ့မတူဘဲ ရီးယဲလ် မက်ဒရစ်အသင်းကတော့ ၂၀၂၄-၂၅ ရာသီကို ဆုဖလားမပါဘဲ အဆုံးသတ်ခဲ့ရပေမယ့် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေကတော့ တစ်ဦးတည်း တောက်ပခဲ့ပြီး အသင်းရဲ့ တစ်ဦးတည်းသော ကိုယ်စားလှယ်အဖြစ် ဆန်ခါတင်စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီက လာလီဂါမှာ (၃၁)ဂိုး၊ ပြိုင်ပွဲစုံ (၅၉)ပွဲမှာ စုစုပေါင်း (၄၄)ဂိုးအထိ သွင်းယူပြနိုင်ခဲ့တဲ့ အံမခန်းစွမ်းဆောင်ရည်ကို ပိုင်ဆိုင်ခဲ့ပါတယ်။

ပြင်သစ်အသင်းခေါင်းဆောင်ဟာ ရာဖင်ညာ၊ ပက်ဒရီနဲ့ လီဝန်ဒေါစကီးတို့နဲ့အတူ အဆင့် Top 5 အတွင်း ဝင်ရောက်ဖို့ ရေပန်းစားနေပေမယ့် နံပါတ်(၁)နေရာကို ရယူနိုင်ဖို့ကတော့ ဖြစ်နိုင်ခြေနည်းတယ်လို့ သုံးသပ်ခံထားရပါတယ်။ သူ့ရဲ့ အကောင်းဆုံး Ballon d’Or အဆင့်ကတော့ ၂၀၂၃ ခုနှစ်က မက်ဆီနဲ့ ဟာလန်းတို့ရဲ့နောက် တတိယနေရာမှာ ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Tribuna

ဒါပေမဲ့ ရေပန်းစားမှုတွေ ဘယ်လိုပဲရှိနေပါစေ ရီးယဲလ် မက်ဒရစ် တိုက်စစ်မှူးဟောင်းဖြစ်သလို ၂၀၀၁ ခုနှစ် Ballon d’Or ဆုရှင်ဖြစ်ခဲ့သူ မိုက်ကယ် အိုဝင်ကတော့ အမ်ဘာပေဟာ လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ “ကျွန်တော့်အတွက်တော့ သူက အခုလက်ရှိ ကမ္ဘာ့အကောင်းဆုံးကစားသမားပါပဲ။” လို့ အိုဝင်က Rio Ferdinand Presents ပေါ့ဒ်ကတ်စ်မှာ ပြောကြားခဲ့ပါတယ်။ “သူက ပွဲတစ်ပွဲရဲ့အဖြေကို တစ်ယောက်တည်း ပြောင်းလဲပစ်နိုင်တယ်။ ပြိုင်ဘက်တစ်ယောက်ကို အရှက်ရသွားအောင် စွမ်းဆောင်နိုင်တဲ့ အရည်အချင်း သူ့မှာရှိတယ်။ သူ့ရဲ့ ကျွမ်းကျင်မှု ဘောလုံးထိချက် အရှိန်နှုန်း ဂိုးသွင်းသေချာမှုတွေနဲ့ ပွဲတစ်ပွဲကို အပိုင်သိမ်းသွားနိုင်ပါတယ်။” လို့ သူက ချီးကျူးခဲ့ပါတယ်။

အိုဝင်ဟာ လီဗာပူးလ်အသင်းမှာ အံ့မခန်းခြေစွမ်းတွေပြသခဲ့ပြီးနောက် Ballon d’Or ဆုကို ရရှိခဲ့တဲ့ စတုတ္ထမြောက် အင်္ဂလန်ကစားသမားဖြစ်ပြီး အဆိုပါဆုကို နောက်ဆုံးရရှိခဲ့တဲ့ အင်္ဂလန်ကစားသမားလည်း ဖြစ်ပါတယ်။ အန်ဖီးလ်မှာ ၂၉၇ ပွဲကစားပြီး ၁၅၈ ဂိုးအထိ သွင်းယူခဲ့ပြီးနောက် သူဟာ ၂၀၀၄ ခုနှစ်မှာ ရီးယဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့ပြီး စပိန်မှာ တစ်ရာသီအတွင်း ၁၆ ဂိုး သွင်းယူပေးခဲ့ကာ အင်္ဂလန်မြေကို နယူးကာဆယ်ကစားသမားအဖြစ် ပြန်လည်ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။

Exit mobile version