လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ကစားသမားဟောင်းကြီးတစ်ဦးဖြစ်သူ မိုက်ကယ်အိုဝင်က ဒီနှစ် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပရီးမီးယားလိဂ် ထိပ်တန်းကလပ်အသင်းတွေသာ လွှမ်းမိုးနိုင်မှာဖြစ်ပြီး သူရဲ့အသင်းဟောင်း လီဗာပူးလ်က ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့အတွက် ရေပန်းအစားဆုံး အသင်းတစ်သင်း ဖြစ်နေရသလို မန်စီးတီး ချယ်လ်ဆီးအသင်းတွေက လီဗာပူးလ်အတွက် ပြိုင်ဘက်တွေ ဖြစ်လာနိုင်မယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Metro

ကစားသမားဘဝအတွင်း လီဗာပူးလ် ရီးယဲလ်မက်ဒရစ် နယူးကာဆယ် မန်ချက်စတာယူနိုက်တက်နဲ့ စတုတ်စီးတီးအသင်းတွေမှာ ပါဝင်ကစားခဲ့တဲ့ အင်္ဂလန်ကစားသမားဟောင်း မိုက်ကယ်အိုဝင်ဟာ ဗြိတိန်နာမည်ကျော် BT Sports အားကစားရုပ်သံမှာ ပါဝင်ဆောင်ရွှက်ရင်း အုပ်စုအဆင့် ပွဲစဉ်(၄)ပွဲအပြီးမှာ နောက်တစ်ဆင့်ကို စောစောစီးစီး တတ်လှမ်းသွားခဲ့ရတဲ့ အသင်းဟောင်း လီဗာပူးလ်နဲ့ပတ်သက်ပြီး သူရဲ့ထင်မြင်ယူဆချက်တွေကို ထုတ်ဖော်ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။ အိုဝင်က “အင်္ဂလိပ်ဘောလုံးလောကနဲ့ ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲတွေက အခုအချိန်မှာ တခြားသော ဘောလုံးနယ်ပယ်တွေ အမှတ်ပေးလိဂ်တွေထက် ရှေ့ကိုပိုရောက်နေပြီး ပိုအားကောင်းလာတယ်လို့ ကျွန်တော်ထင်မိပါတယ်”

Photo Credit : Metro

“ဘာပဲဖြစ်ဖြစ် နှစ်အနည်းငယ်လောက်ကတည်းက ကျွန်တော်တို့တွေ ရှေ့ကိုကြိုရောက်နေခဲ့တာဖြစ်သလို အခုလည်း အီတလီလိဂ်ရဲ့ အကောင်းဆုံး ကစားသမားတွေဖြစ်တဲ့ ရော်နယ်လ်ဒိုနဲ့ လူကာကူတို့ကိုပါ ခေါ်ယူခဲ့ပါသေးတယ်။ လီယွန်နယ်မက်ဆီက အားနည်းတဲ့ လိဂ်တစ်ခုကို ပြောင်းရွှေ့သွားခဲ့တဲ့အတွက် စပိန်လိဂ်ကလည်း အားနည်းသွားခဲ့ရပါတယ်။ ပြင်သစ်လိဂ်ကတေ့ာ့ အလေးအနက်ထားလို့ မရနိုင်သေးတဲ့ လိဂ်တစ်ခုပါ။ နောက်ပြီး ကျွန်တော်တို့လိဂ်မှာ အကောင်းဆုံးသော နည်းပြတွေကိုလည်း ခေါ်ယူထားနိုင်တယ်။ လီဗာပူးလ်အသင်းအတွက် အကြီးမားဆုံးသော အန္တရာယ်ပေးနိုင်မှာကလည်း မန်စီးတီးနဲ့ ချယ်လ်ဆီးအသင်းတို့လို့ပဲ ကျွန်တော်ထင်မိတယ်။ လီဗာပူးလ်အသင်းကိုတော့ ရေပန်းအစားဆုံး အသင်းတစ်သင်းလို့ ခင်ဗျား ပြောရလိမ့်မယ်။ သူတို့ အန်ဖီးလ်ကွင်းမှာ လုပ်ဆောင်နိုင်တာကို ခင်ဗျားတို့ အမြင်ပဲ။ သူတို့က အန်ဖီးလ်မှာဆိုရင် ဘယ်လိုမှ အနိုင်ယူလို့ မရနိုင်လောက်တဲ့ အသင်းတစ်သင်းလိုမျိုးကို ဖြစ်နေရတာ” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာလည်း လီဗာပူးလ်အသင်းဟာ အုပ်စုကျပ်မှာ အသက်လက်တီကို အေစီမီလန် ပေါ်တိုအသင်းတွေနဲ့ ကျရောက်နေပေမယ့် (၄)ပွဲကစား (၄)ပွဲလုံး အနိုင်ရယူခဲ့ပြီး ရမှတ်(၁၂)မှတ်နဲ့ နောက်တစ်ဆင့်ကို စောစီးစွာ တတ်လှမ်းသွားခဲ့ရပါတယ်။