လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အောက်ခြေနားကို ရောက်ရှိနေရတဲ့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းက အသင်းရဲ့ နည်းပြဖြစ်သူ ဒေးဗစ်မိုရက်စ်ကိုသာ နည်းပြရာထူးကနေ ထုတ်ပယ်ဖြစ်မယ်ဆိုရင် မစ်ဒယ်ဘရော့အသင်းကို ကိုင်တွယ်နေတဲ့ မိုက်ကယ်ကာရစ်ကို အစားထိုး ခေါ်ယူသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Marca

ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့အသင်းမှာ နည်းပြအဖြစ် ဆောင်ရွက်နေတဲ့ ကာရစ်ဟာ နည်းပြနယ်ပယ်ထဲကို ဝင်ရောက်နေတာ မကြာသေးပေမယ့် သူရဲ့ ပထမဆုံးသော ကလပ်အသင်း မစ်ဒယ်ဘရော့ကိုတော့ အမှတ်ပေးဇယားရဲ့ အဆင့်(၃)နေရာထိ ရောက်ရှိနေအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ နည်းပြကာရစ်ဟာ မစ်ဒယ်ဘရော့အတွက် ပွဲ(၂၀) ကိုင်တွယ်ထားခဲ့ရာ (၁၄)ပွဲနိုင် (၁)ပွဲသရေ (၅)ပွဲရှံးနဲ့ နိုင်ပွဲရာခိုင်နှုန်း (၇၀)%အထိ ရရှိထားသလို အသင်းကိုလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည် ပို့ဆောင်ပေးနိုင်ဖို့ အခြေအနေကောင်းနေပါတယ်။

Michael Carrick played for David Moyes at Manchester United

Photo Credit : The Sun

ဒါပေမယ့် ကာရစ်ရဲ့ boyhood ကလပ်အသင်းဖြစ်တဲ့ ဝက်စ်ဟမ်းကတော့ ဒီရာသီမှာ ရုန်းကန်နေရတာကြောင့် လက်ရှိနည်းပြ ဒေးဗစ်မိုရက်စ်ရဲ့ အနာဂတ်ဟာ မရေမရာ ဖြစ်လာခဲ့ရသလို တကယ်လို့ ဒီနည်းပြကြီးကိုသာ အသင်းကနေ ထုတ်ပယ်ခဲ့မယ်ဆိုရင်လည်း အသင်းရဲ့ ကစားသမားဟောင်းဖြစ်သူ ကာရစ်နဲ့ ပြန်လည် အစားထိုးသွားဖို့ ရှိနေပါတယ်။ အင်္ဂလန် ကစားသမားဟောင်းကြီး ကာရစ်က ဝက်စ်ဟမ်း လူငယ်အသင်းမှာ ၁၉၉၇ခုနှစ်ကတည်းက ပါဝင်ခဲ့ရင်းနဲ့ ဝက်စ်ဟမ်းအတွက် ပွဲပေါင်း (၁၅၀)ကျော်လောက်အထိကို ကစားပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် တိုက်တိုက်ဆိုင်ဆိုင် ကာရစ်က မန်ယူနိုက်တက် ကစားသမားအဖြစ် ရှိခဲ့စဉ်တုန်းက လက်ရှိ ဝက်စ်ဟမ်းနည်းပြ မိုရက်စ်နဲ့အတူ ယူနိုက်တက်မှာလည်း လအနည်းငယ်ခန့် လက်တွဲခဲ့ဖူးပါတယ်။

Moyes exclusive: There are big changes to come at West Ham this summer |  Evening Standard

Photo Credit : Evening Standard

လက်ရှိမှာတော့ ဝက်စ်ဟမ်းအသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့်(၁၆)နေရာကို ရောက်ရှိနေပြီး တန်းဆင်းဇုန်ထဲက အဲဗာတန်အသင်းနဲ့လည်း ရမှတ်(၁)မှတ်သာ ကွာဟတော့သလို ဇယားအောက်က ဘုန်းမောက်နဲ့လည်း (၂)မှတ်ပဲ ကွာဟနေလို့ အခြေအနေ သိပ်မကောင်းလှပဲ ဖြစ်နေပါတယ်။ ပိုဆိုးတာက ဒီနေ့မှာလည်း ဆိုက်ပရက်စ်ကလပ် AEKလာနာကာအသင်းနဲ့ ကွန်းဖရန့်စ်လိဂ် ပွဲစဉ်ကိုပါ ကစားဖို့ ရှိနေတာကြောင့် ကစားသမားတွေ ပွဲပန်းနိုင်ဖွယ် ရှိနေပြီး ဒီပြိုင်ပွဲထက် ပရီးမီးယားလိဂ်မှာ တန်းမဆင်းရဖို့ကိုသာ ဦးစားပေးရဖွယ် ရှိနေပါတယ်။