မန်ချက်စတာစီးတီးအသင်းနဲ့ အင်္ဂလန်အသင်းရဲ့ ကစားသမားဟောင်းကြီးဖြစ်သူ မီကာရစ်ချတ်က မနေ့ညက အန်ဖီးလ်မှာ ကစားသွားခဲ့တဲ့ လီဗာပူးလ်အသင်း နဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်က သူ ကြည့်ဖူးသမျှ ပွဲတွေထဲ အကောင်းဆုံးပွဲတစ်ပွဲ ဖြစ်တယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : This is Anfield

အဝေးကွင်းမှာ ရလဒ်တွေ ဘယ်လိုပဲဆိုးနေဆိုးနေ အန်ဖီးလ်မှာဆိုရင် ရလဒ်ကောင်းတတ်တဲ့ လီဗာပူးလ် နဲ့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ချန်ပီယံ ဖြစ်ဖို့ အခြေအနေကောင်းနေတဲ့ အာဆင်နယ်တို့ ထိပ်တိုက် ဆုံတွေ့ခဲ့တဲ့ ပွဲစဉ်က အတော်လေးကို ဖျော်ဖြေမှု ပေးနိုင်ခဲ့တဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ရပြီး အပြန်အလှန် သွင်းဂိုးများနဲ့ တစ်ဖက်ကို (၂)ဂိုးစီ သရေကျခဲ့ပါတယ်။ ဒါ့အပြင် ပွဲအတွင်းမှာလည်း ကစားသမားတွေ အချင်းများမှု ၊ ဆာလာ ပင်နယ်တီ ကန်သွင်းချက် လွဲချော်မှုနဲ့ အာဆင်နယ် ဂိုးသမား ရမ်းစဒဲလ်ရဲ့ လက်စွမ်းပြ ကာကွယ်မှုတွေကလည်း ပွဲကြည့် ပရိသတ်တွေကို ဖမ်းစားသွားနိုင်ခဲ့ပါတယ်။

Photo Credit : Arsenal FC

ဒါကြောင့် ဒီပွဲကို ကြည့်ရှုခဲ့တဲ့ ရစ်ချတ်က “ကျွန်တော် အခုမှ ကြည့်မိတာ။ ဒီပွဲက ကျွန်တော် မြင်ဖူးသမျှ ကြည့်ဖူးသမျှ ပွဲတွေထဲမှာတော့ အကောင်းဆုံးပွဲပဲ။ ဒါ ကျွန်တော် ချဲ့ကားပြီး ပြောတာ မဟုတ်ပါဘူး။ အာဆင်နယ်အသင်းက ထက်မြက်ပြီး နည်းဗျူဟာပိုင်းအရ တကယ်ကောင်းပါတယ်။ ဇင်ချန်ကိုက ကွင်းလယ်ပိုင်းမှာ ကစားခဲ့တယ်။ မာတင်နယ်လီ နဲ့ ဆာကာကလည်း အတွဲအဖက်မိမိ ကစားသွားတယ်။ ကျစ်ကျစ်လစ်လစ်နဲ့ တကယ်ကို အရမ်းကောင်းတဲ့ ဘောလုံးပွဲပဲ။ ထရန့်နဲ့ ချာကာတို့ကြားက အချေအတင် ဖြစ်မှုဟာ ပရိသတ်တွေကို လှုပ်နိုးလိုက်သလို ဖြစ်သွားပါတယ်။ လီဗာပူးလ်ကတော့ ဒုတိယပိုင်းမှာ ပိုပြီး ကောင်းမွန်ခဲ့တယ်။ အသင်းပရိသတ်တွေရဲ့ စိတ်အားတတ်ကြွမှုကိုလည်း အသုံးချနိုင်ခဲ့တယ်” လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။

Photo Credit : Football365

ပွဲအပြီးမှာတော့ အာဆင်နယ်အသင်းက အန်ဖီးလ်မှာ လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တိုင်း ရလဒ်မကောင်းတတ်တဲ့ အစဉ်အလာကို ဆက်ထိန်းသွားခဲ့သလို လီဗာပူးလ်ဟာလည်း နောက်ဆုံး ကစားထားတဲ့ ပြိုင်ပွဲစုံ (၅)ပွဲဆက်တိုက်အထိ နိုင်ပွဲပျောက်ဆုံးခဲ့ရပြီး လက်ရှိအခြေအနေက အတော်ဆိုးနေခဲ့ရပါတယ်။ ဂျင်မီကာရေဂါကတော့ သူ့အသင်းဟောင်း လီဗာပူးလ်ရဲ့ ပထမပိုင်း ကစားပုံက စိတ်ပျက်စရာကောင်းလွန်းခဲ့တယ်လို့ သုံးသပ်ခဲ့ပေမယ့် တစ်ပွဲလုံး စွမ်းဆောင်ချက်အရ နိုင်ပွဲရသင့်တယ်လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။