ပရီးမီးယားလိဂ် အင်အားကြီးအသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းရဲ့ ဂန္တဝင် ကစားသမားတွေထဲက တဦးအဖြစ် ပရိသတ်တွေရဲ့ သတ်မှတ်ခြင်းကို ခံထားရတဲ့ နောက်ခံလူဟောင်း မီကာရစ်ချက် ကတော့ သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ စီးတီးအသင်းရဲ့ နွေဈေးကွက် ထိပ်သီး ပစ်မှတ် ဖြစ်တဲ့ စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို မန်ချက်စတာ စီးတီးအသင်းထက် မန်ချက်စတာ စီးတီးအသင်းရဲ့ မြို့ခံပြိုင်ဘက် ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းထံသာ ပြောင်းရွှေ့ဖို့ တိုက်တွန်းသွားခဲ့ပါတယ်။ အသက် ၂၇နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ သူ့ရဲ့ ကစားသမားဘဝ အမြင့်မားဆုံး အောင်မြင်မှုတွေကို ရယူနိုင်ဖို့ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ငယ်စဉ်ကတည်းက ကစားခဲ့တဲ့ စပါးအသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေတဲ့ ကစားသမားပဲ ဖြစ်ပါတယ်။

Photo Credit: Metro

လက်ရှိမှာ ဟယ်ရီကိန်းကို ခေါ်ယူဖို့ အတွက် မန်ချက်စတာ မြို့ခံနှစ်သင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်း ၊ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ လန်ဒန်မြို့ခံအသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းတို့က စိတ်ဝင်စားနေကြပြီး ဟယ်ရီကိန်းကတော့ စပါးအသင်းရဲ့ မြို့ခံပြိုင်ဘက် ချယ်လ်ဆီးအသင်းထက် မန်ချက်စတာမြို့ခံ နှစ်သင်းထဲက တစ်သင်းထံသာ ပြောင်းရွှေ့ချင်နေပါတယ်။ လတ်တလော ထွက်ပေါ်ထားတဲ့ သတင်းတွေအရ ဟယ်ရီကိန်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းထက် မန်ချက်စတာ စီးတီးအသင်းထံသာ ပြောင်းရွှေ့ချင်နေကြောင်း သိထားရပေမယ့် မီကာရစ်ချက်ကတော့ ဟယ်ရီကိန်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြောင်းသင့်ပြီး မန်ချက်စတာ စီးတီးအသင်းဟာ ဒေါ့မွန်အသင်းရဲ့ လူငယ် တိုက်စစ်မှူး ဟာလန်းနဲ့သာ သင့်တော်ကြောင်း သူ့ရဲ့ ထင်မြင်ချက်ကို ပြောကြား သွားခဲ့ပါတယ်။

 

Photo Credit: Metro

မန်ချက်စတာ အသင်းနှစ်သင်းအနက် ဘယ်အသင်းဟာ ဟယ်ရီကိန်းနဲ့ ပိုမို သင့်တော်မလဲ ဆိုတဲ့ အပေါ် မီကာရစ်ချက်က – “ကျွန်တော့်အထင် သူ့ရဲ့ အပြောင်းအရွှေ့က ပြောင်းရွှေ့ကြေး ဘယ်လောက်လဲ ဆိုတဲ့ အပေါ် မူတည်ပါလိမ့်မယ်။ ကျွန်တော် မန်စီးတီးအသင်းနဲ့ မန်ယူအသင်းတို့ကို ကိုယ်စားပြုပြီး ပြောတာ မဟုတ်ပေမယ့် ပြောင်းရွှေ့ကြေးသာ ပေါင် ၁၀၀သန်း ဆိုရင် နှစ်သင်းစလုံးက သူ့ကို ခေါ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ခင်ဗျားက ဟယ်ရီကိန်းရဲ့ တန်ကြေးက ပေါင် ၁၅၀သန်းလို့ ပြောလာရင်တော့ ဒါက အဓိပ္ပါယ် မရှိတဲ့ အရာပါ။ သူ(ကိန်း)က ၂၇နှစ် ၊ ၂၈နှစ် ရှိနေပါပြီ။ ပေါင် ၁၅၀သန်း ဆိုရင် ခင်ဗျားမှာ အသက် ၂၀ ဒါမှမဟုတ် ၂၁ပဲ ရှိသေးတဲ့ ဟာလန်းကို ရွေးချယ်ခွင့် ရှိပါတယ်။ ဟာလန်းက ငယ်ရွယ်သေးသလို ဘယ်အသင်းအတွက်မဆို ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုပါ။ ဒါပေမယ့် ဟယ်ရီကိန်းနဲ့ ဆိုရင်တော့ ခင်ဗျားက အောင်မြင်မှုတွေကို အဆင်သင့် ရယူရုံပါပဲ။ ကျွန်တော်ကတော့ သူဟာ မန်ယူအသင်းနဲ့ သင့်တော်တယ်လို့ ထင်ပါတယ်” လို့ ပြောကြားခဲ့တာပါ။