အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ မန်ချက်စတာ စီးတီးအသင်းတို့ ရဲ့ ညာနောက်ခံလူဟောင်း တစ်ဦး ဖြစ်သူ မီကာရစ်ချက် ကတော့ ကယ်ဗင်ဒီဘရိုင်း ကို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်ကစားသမား ဖြစ်တယ်လို့ ချယ်လ်ဆီး အသင်းနဲ့ ပွဲစဉ်အပြီးမှာ ချီးကျုးလိုက်ပါတယ်။ မန်စီးတီး အသင်း အနေနဲ့ ချယ်လ်ဆီး နဲ့ ပွဲစဉ်မှာ တိုက်စစ် ကစားသမား စစ်စစ် မပါဝင်ခဲ့ပဲ ကယ်ဗင် ဒီဘရိုင်း က ရှေ့တန်းမှာ တိုက်စစ် ကစားသမားအဖြစ် ဝင်ရောက် ကစားခဲ့ရပြီးတော့ တစ်ဂိုးသွင်းယူကာ တစ်ဂိုး ဖန်တီးပေး နိုင်ခဲ့ပါတယ်။ အဆိုပါ နိုင်ပွဲကြောင့် မန်စီးတီး အသင်း အနေနဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာကို တက်လှမ်းနိုင်ခဲ့ကာ ၂ ပွဲလျော့နဲ့ အမှတ်ပေးဇယားထိပ်က အသင်း‌တွေနဲ့ ရမှတ်ကွာဟချက် နည်းအောင် ကစားဖို့အတွက် ယုံကြည်ချက် အပြည့် ရရှိသွားခဲ့ပါတယ်။

 

Photo Credit: Sky Sports

ရစ်ချက် ကတော့ ဒီဘရိုင်းက ပြီးပြည့်စုံတဲ့ ဘောလုံးသမား တစ်ဦးဖြစ်တယ်လို့ Sky Sports မှာ အခုလိုပဲ ချီးကျုး ပြောဆိုလိုက်ပါတယ်။ “ ကျွန်တော် ဒီဘရိုင်း အကြောင်းကို အရင်ကတည်း ပြောနေခဲ့တာပါ။ သူရဲ့ ကစားပုံကို ကြည့်ရတာ လုံးဝ အံ့အားသင့်စရာကောင်းတယ်။ သူအရင်က ရှေ့တန်းမှာ ကစားခဲ့ဖူးတယ် ဆိုတာ သူပြောခဲ့ဖူးပါတယ်။ သူက လုံးဝ ကို ပြီးပြည့်စုံတဲ့ ကစားသမား တစ်ဦးပါ။ သူ တိုက်စစ်ဆင်တဲ့ အလုပ်ကော၊ ခံစစ် အလုပ်ကော နှစ်မျိုးလုံး လုပ်နိုင်တယ်။ သူ့ထက် သာချင်တယ်ဆိုရင်တော့ အတော်လေး ကြိုးစားဖို့တော့ လိုပါမယ်။ လုံးဝကို မယုံနိုင်စရာကောင်းတဲ့ ကစားသမား တစ်ဦးပါဗျာ။ သူက အသင်းနဲ့ တသမတ်တည်း ဖြစ်နေတယ်လို့ ကျွန်တော် ထင်တယ်။ သူက အရမ်းကို စိတ်အားထက်သန်ပြီးတော့ သူ လုပ်နိုင်တာကို ထုတ်ပြချင်တယ်၊ ဘာလို့လဲဆိုရင် သူက လုံးဝ အဖိုးတန်တဲ့ ကစားသမားတစ်ဦးဖြစ်လို့ပါ။ သူက ကျွန်တော်တို့ ပရီးမီးယားလိဂ်မှာ တွေ့ဖူးတဲ့ အကောင်းဆုံး ကွင်းလယ် ကစားသမားတွေထဲက တစ်ဦး အပါအဝင်ပါ ” လို့ ချီးကျုးခဲ့ပါတယ်။

Photo Credit: Sky Sports

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ် ကစားသမားဟောင်း ဖြစ်သူ ရိုင်ကိန်း ကလည်း ဒီဘရိုင်းကို ကမ္ဘာ့အဆင့်မှီ ကစားသမားဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ “ ကမ္ဘာ့အဆင့်မှီတယ်၊ ဘောလုံးနဲ့ ပတ်သက်ရင် ပါးနပ်တယ်၊ အကောင်းဆုံး ဆုံးဖြတ်ချက်ချနိုင်တယ်။ ဒီရာသီမှာ သူ ခြေစွမ်းအနည်းငယ် ကျနေတယ်လို့တော့ ကျွန်တော်ထင်တယ်၊ ဒါပေမယ့် ဒီနေ့မှာတော့ သူ့ရဲ့ အကောင်းဆုံး ပုံစံကို သူ ပြန်‌ရောက်သွားပါပြီ။ သူဘာတွေ ဖြစ်နေလဲဆိုတာ သူကိုယ်တိုင် သိပါတယ်။ သူ ကစားတာကို တစ်နေ့လုံး‌တောင် ကြည့်နိုင်တယ်။ သူက ကစားပွဲအပေါ်မှာ သက်ရောက်မှု ရှိတဲ့ ကစားသမားတစ်ဦးပါ။ သူရဲ့ ကစားပုံကို ကြည့်ရတာ အလွန်ကောင်းတယ်။ သူက ကစားပွဲကို အမြဲတမ်း ထိန်းချုပ်နိုင်တယ်။ ဒီနေ့ ချယ်လ်ဆီးအသင်းက ဘယ်သူမှ မဖြတ်ထုတ်နိုင်ခဲ့ဘူး။ ဘယ်ကစားသမားမှ လူကပ် မကစားနိုင်ခဲ့ဘူး။ အကယ်၍သာ ခင်ဗျား အနေနဲ့ ဒီဘရိုင်း လို ကစားသမားမျိုးကို လွှတ်ပေးထားလိုက်ရင် ခင်ဗျား သေချာပေါက် ပေးဆပ်ရမှာပဲ ” လို့ ပြောဆိုလိုက်ပါတယ်။