မြန်မာ့လက်ရွေးစင်အသင်းရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်သူ မောင်မောင်လွင်ဟာ ယမန်နေ့မှာပဲ ထိုင်းလိဂ်-၂ရဲ့ အချမ်းသာဆုံးနဲ့ အလားအလာ အကောင်းဆုံးအသင်း ဖြစ်တဲ့ လမ်ပူအသင်းဆီ ပြောင်းရွှေ့နိုင်ခဲ့ကြောင်း သိရှိရပါတယ်။

ဟံသာဝတီ ယူနိုက်တက်အသင်းနဲ့ အတူ စတင် တောက်ပလာပြီး ရန်ကုန် ယူနိုက်တက်အသင်းမှာ အောင်မြင်မှုပေါင်း များစွာ ရယူနိုင်ခဲ့တဲ့ မောင်မောင်လွင်ဟာ ဆူဇူကီးပြိုင်ပွဲ အပြီးမှာပဲ ထိုင်းကလပ်တွေရဲ့ စိတ်ဝင်စားမှု များစွာကို ရရှိခဲ့ပေမယ့် သူ့အတွက် အကောင်းဆုံး ဖြစ်မယ့် လမ်ပူအသင်းဆီသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။

Photo Credit: Ko Ye Naing Win

မောင်မောင်လွင်က လမ်ပူအသင်းနဲ့ တနှစ်ခွဲ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့တာ ဖြစ်ပြီး ကျောနံပါတ် ၇၇ကို ဝတ်ဆင် ကစားဖို့ ရှိသလို မောင်မောင်လွင်ရဲ့ လုပ်ခလစာဟာ လက်ရှိ ထိုင်းနိုင်ငံမှာ ယှဉ်ပြိုင် ကစားနေတဲ့ မြန်မာကစားသမားတွေ အနက် ပမာဏ အများဆုံး ဖြစ်ကြောင်း မောင်မောင်လွင်ရဲ့ အပြောင်းအရွှေကို ပါဝင် လုပ်ဆောင်ပေးခဲ့တဲ့ နာမည်ကြီး မြန်မာအေးဂျင့် ကိုရဲနိုင်ဝင်းက သူ့ရဲ့ လူမှုကွန်ယက်မှု ဖော်ပြခဲ့ပါတယ်။

လမ်ပူအသင်းဟာ ထိုင်းလိဂ်-၂အသင်းတွေ အနက် အချမ်းသာဆုံးအသင်း ဖြစ်သလို လာမယ့် ဘောလုံးရာသီမှာ ထိုင်းလိဂ်-၁ဆီ တန်းတက်နိုင်ဖို့ အလားအလာ အကောင်းဆုံး အသင်းတသင်း ဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်းရဲ့ ကစားသမားဟောင်း ဆစ်ဆိုခို ၊ လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်းရဲ့ ကစားသမားဟောင်း ဆူရက်ဇ်တို့ကလည်း လမ်ပူအသင်းမှာ ကစားနေကြပါတယ်။

Photo Credit: Ko Ye Naing Win

ကိုရဲနိုင်ဝင်းရဲ့ ဖော်ပြချက်အရ မောင်မောင်လွင်နဲ့ လမ်ပူအသင်းတို့ရဲ့ ကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ဒေါ်လာ ၁သိန်း ရှိကြောင်းလည်း သိရှိရပါတယ်။