မြန်မာ့လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်သူ မောင်မောင်လွင်က မနက်ဖြန်မှာ ယှဉ်ပြိုင် ကစားရမယ့် ဂျပန်နဲ့ မြန်မာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပွဲစဉ်မတိုင်မီ လုပ်ခဲ့တဲ့ ပွဲကြိုအင်တာဗျူးမှာ မြန်မာအသင်း အတွက် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ဖို့ ဆိုတာ မဖြစ်နိုင်သေးတဲ့ အရာတခု ဖြစ်ကြောင်း ဖြေကြားသွားခဲ့ပါတယ်။

မြန်မာအသင်းက အာရှဇုန် ၊ ကမ္ဘာ့ဖလားခြေစစ်ပွဲရဲ့ Qualifier အဆင့်မှာ မကာအိုကို နှစ်ကျော့ပေါင်းရလဒ် ၅-၁နဲ့ အနိုင်ရခဲ့ပြီးနောက် ကမ္ဘာ့ဖလားခြေစစ်ပွဲရဲ့ ဒုတိယအဆင့်ဆီ တက်ရောက်ထားနိုင်ပြီး ဒုတိယအဆင့်မှာတော့ ဂျပန် ၊ ဆီးရီးယား ၊ မြောက်ကိုရီးယား စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်နေပါတယ်။

Photo Credit: FIFA

အုပ်စုအနေအထားအရ မြန်မာအသင်းက ဂျပန်ကို ကျော်ဖြတ်ကာ အုပ်စုပထမနေရာ ရဖို့ မလွယ်ကူပေမယ့် ဆီးရီးယားနဲ့ မြောက်ကိုရီးယားတို့ကို အဝေးကွင်းမှာ သရေရလဒ် ရအောင် ကစားပြီး အိမ်ကွင်းမှာ အနိုင် ကစားနိုင်မယ် ဆိုရင်တော့ အုပ်စုဒုတိယနေရာနဲ့ နောက်တဆင့်ဆီ တက်ရောက်ခွင့် ရနိုင်ပါတယ်။

တကယ်လို့ မြန်မာကသာ အုပ်စုဒုတိယနေရာနဲ့ နောက်တဆင့်ဆီ တက်ရောက်နိုင်ခဲ့ရင် အာရှဖလားပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင် ကစားခွင့်ကိုပါ ရမှာ ဖြစ်ပြီး အကယ်၍ နောက်တဆင့်မှာသာ အုပ်စု ပထမ (သို့) ဒုတိယနေရာကို ထပ်ရခဲ့မယ် ဆိုရင် ကမ္ဘာ့ဖလားဝင်ခွင့်ကို သိမ်းပိုက် ရယူနိုင်မှာပဲ ဖြစ်ပါတယ်။

Photo Credit: AFF

ဒါပေမယ့် မြန်မာအသင်းခေါင်းဆောင် မောင်မောင်လွင်ကတော့ မြန်မာအသင်း အတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ဖို့ဟာ မဖြစ်နိုင်သေးပဲ အာရှဖလားပြိုင်ပွဲဝင်ခွင့် ရဖို့ကိုသာ အာရုံစိုက် ယှဉ်ပြိုင် ကစားသွားမယ်လို့ ဆိုလာပါတယ်။

မောင်မောင်လွင်က – “ကျွန်တော်တို့ အုပ်စုမှာ ဂျပန် ၊ မြောက်ကိုရီးယား ၊ ဆီးရီးယားတို့နဲ့ ဆုံတွေ့နေပြီး လက်ရှိ ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွေအရ ကျွန်တော်တို့က အောက်ဆုံးအသင်း ၊ Under Dog အသင်းပါ။ ဒါကလည်း ကျွန်တော်တို့ကို အခွင့်အရေးတွေ ဖန်တီးနိုင်စွမ်း ရှိလာပါလိမ့်မယ်။ မနက်ဖြန်ပွဲစဉ်မှာ အတတ်နိုင်ဆုံး ပထမပိုင်းရဲ့ အစောပိုင်း မိနစ်တွေမှာ လုံးဝ ဂိုးမပေးရဖို့ ကြိုးစားရပါမယ်။ ၂၀၂၆ ကမ္ဘာ့ဖလား နောက်ဆုံးအဆင့် ပွဲစဉ်တွေကို အရင်ပြိုင်ပွဲတွေကထက် အသင်းအရေအတွက် ပိုများများ ပါဝင် ကစားခွင့်ရတာဟာ အာရှအသင်းတွေ အတွက် သိပ်ကောင်းပါတယ်။ အသင်းငယ်တွေ အတွက် အခွင့်အရေးပါ။ ကျွန်တော်တို့အသင်းအနေနဲ့က တဆင့်ချင်း ရလဒ်ကောင်းအောင် လုပ်ရပါမယ်။ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ဖို့ထက် အာရှဖလား အတွက် ပစ်မှတ်ထားတာက ပိုပြီး သဘာဝ ကျပါတယ်။ အသင်းငယ်တွေ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်ဖို့ မျှော်လင့်ချက် များလာပေမယ့် ကျွန်တော်တို့အတွက်တော့ ဒါက လက်တွေ့မဆန်သေးပါဘူး။ မနက်ဖြန်ပွဲကိုပဲ အာရုံစိုက်ပြီး ကျွန်တော်တို့ တသင်းလုံး ကြိုးစားပါမယ်” လို့ ဂျပန်နဲ့မြန်မာ ပွဲစဉ်အတွက် လုပ်ခဲ့တဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

Reference : Myanmar Football Federation