မြန်မာလက်ရွေးစင်အသင်းရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ မောင်မောင်လွင်က ပြီးခဲ့တဲ့ ထိုင်းဘောလုံးရာသီမှာ လန်ဖွန်အသင်းနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် ဥရောပဘက်ကနေ ကမ်းလှမ်းမှု တချို့ကို လက်ခံ ရရှိထားကြောင်း မောင်မောင်လွင်ရဲ့ အေးဂျင့်ဖြစ်သူ ကိုရဲနိုင်ဝင်းက သူ့ရဲ့ လူမှုကွန်ယက်အကောင့်မှာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၇နှစ် အရွယ် မြန်မာအသင်းရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား မောင်မောင်လွင်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရန်ကုန် ယူနိုက်တက် ကနေ လန်ဖွန်အသင်းထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး မောင်မောင်လွင်က လန်ဖွန်အသင်းကို ထိုင်းလိဂ်-၂ ကနေ လိဂ်-၁ဆီ ရောက်ရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

Photo Credit: Global Online

မောင်မောင်လွင်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လန်ဖွန်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၁၈ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၄ဂိုး သွင်းယူပေးနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၈ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ အသင်းနည်းပြရဲ့ လက်စွဲတော် ကစားသမား တဦး ဖြစ်လာခဲ့ပါတယ်။

ယခုနှစ် ထိုင်းဘောလုံးရာသီမှာတော့ မောင်မောင်လွင်က ကံမကောင်းစွာနဲ့ပဲ ပခုံးဒဏ်ရာ တခု ရခဲ့ပြီး အဆိုပါဒဏ်ရာကြောင့် ကြံ့ခိုင်မှု ပြည့်ဝဖို့ ပြန်လည် ကြိုးစားနေရပါတယ်။ မောင်မောင်လွင်က ဒဏ်ရာကြောင့် ယခုနှစ် ထိုင်းဘောလုံးရာသီမှာ လန်ဖွန်အသင်း အတွက် ပုံမှန် ကစားပေးခွင့် မရသေးပေမယ့် ပြီးခဲ့တဲ့ရာသီမှာ ပြသခဲ့တဲ့ သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ဥရောပရဲ့ နိုင်ငံတခု ဖြစ်တဲ့ မော်လ်တာနိုင်ငံ ကနေ မောင်မောင်လွင်ကို ကမ်းလှမ်းမှု တချို့ ပြုလုပ်ထားကြောင်း သူ့ရဲ့ အေးဂျင့်ဖြစ်သူ ကိုရဲနိုင်ဝင်းက ပြောပါတယ်။

Photo Credit: Global Online

မြန်မာစူပါအေးဂျင့် ကိုရဲနိုင်ဝင်းက – “မောင်မောင်လွင်ကို ဥရောပဘက်က ချဉ်းကပ်မှုတွေ ရှိပါတယ်။ ကစားသမားထံ မော်လ်တာလိဂ် အတွက် ဆက်သွယ် ကမ်းလှမ်းမှုတွေ ရှိသလို ကျွန်တော့် အဆက်အသွယ်တွေ ကနေ တဆင့် စကားပြောနေတာတွေလည်း ရှိပါတယ်။ မော်လ်တာလိဂ် ကလပ်အသင်း အတွက် ကစားသမား ရှာနေတဲ့ အေဂျင်စီက မောင်မောင်လွင်ထံ ဆက်သွယ် ချဉ်းကပ်ခဲ့တာ ဖြစ်ပါတယ်။ ကစားသမားကိုတော့ ထိုင်းကလပ်တွေနဲ့ လစာ ၊ ခံစားခွင့် တူရင်တောင် သမိုင်းသစ် ရေးထိုးနိုင်ဖို့ အတွက် ထွက်ကစားဖို့ အကြံပေးထားပါတယ်” လို့ မောင်မောင်လွင် အတွက် ကမ်းလှမ်းမှုတွေ ရထားတဲ့ အကြောင်းကို သူ့ရဲ့ ဖေ့စ်ဘုတ်အကောင့်မှာ ရေးသားထားတာပဲ ဖြစ်ပါတယ်။

အကယ်၍ မောင်မောင်လွင်က ဥရောပကလပ်တွေဆီ မပြောင်းနိုင်ခဲ့ရင်တောင် သူဟာ မောင်မောင်လွင်ကို ဂျပန် ဂျေလိဂ်ဆီ ပို့ဆောင်ပေးနိုင်ဖို့ ကြိုးစားနေကြောင်းလည်း ကိုရဲနိုင်ဝင်းက ထပ်ဆင့် ပြောကြားထားပါသေးတယ်။