ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဒေါ့မွန်ရဲ့ ညာနောက်ခံလူ တဦး ဖြစ်သူ မူနီယာ ကတော့ သူ့ရဲ့ အသင်းဖော်ဟောင်း ကိုင်လီယန် အမ်ဘာပေဟာ လက်ရှိ အသင်းဖော် ဟာလန်းထက် နည်းစနစ်ပိုင်းမှာ ပိုမို ကောင်းမွန်တဲ့ ကစားသမား တဦး ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အမ်ဘာပေနဲ့ နော်ဝေ လက်ရွေးစင် တိုက်စစ်မှူး ဟာလန်းတို့ဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး လူငယ် ကစားသမား နှစ်ဦး အဖြစ် သတ်မှတ်ခံထားရသူတွေ ဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့ ပြိုင်ဆိုင်မှုက မက်ဆီနဲ့ ရိုနယ်ဒိုတို့ရဲ့ ပြိုင်ဆိုင်မှုလို ဖြစ်လာနိုင်တဲ့ အနေအထားမှာလည်း ရှိနေပါတယ်။

Photo Credit: Express

အသက် ၂၃နှစ် အရွယ် ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘာပေဟာ နည်းစနစ်ပိုင်း အရည်အသွေး ကောင်းမွန်ကာ လျင်မြန်မှု အသားပေး ကစားတတ်သူ ဖြစ်ပြီး အသက် ၂၁နှစ် အရွယ် ဒေါ့မွန် တိုက်စစ်မှူး အာလင်း ဟာလန်းကတော့ နေရာယူမှု အပိုင်းမှာ ထူးချွန်ကာ တိုးအား ရုန်းအား ကောင်းမွန်တဲ့ အထောင် တိုက်စစ်မှူးလည်း ဖြစ်ပါတယ်။

အမ်ဘာပေနဲ့ ပီအက်စ်ဂျီမှာ အတူတကွ ကစားခဲ့ဖူးသလို လက်ရှိအချိန်မှာ ဟာလန်းနဲ့ တွဲဖက် ကစားနေရတဲ့ ဒေါ့မွန်ရဲ့ ဝါရင့် ခံစစ်မှူး မူနီယာကတော့ ကိုင်လီယန် အမ်ဘာပေဟာ အာလင်း ဟာလန်းထက် ပိုမို ကောင်းမွန်တဲ့ ကစားသမား တဦး ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

Photo Credit: Express

မူနီယာက – “အမ်ဘာပေနဲ့ ဟာလန်းတို့ နှစ်ယောက်စလုံးက ကစားပုံ မတူကြပါဘူး။ သူတို့နှစ်ယောက်လုံးက ထိပ်တန်း အားကစားသမားတွေပါ။ သူတို့တွေက ပြီးပြည့်စုံကြပါတယ်။ သာမန် ဘောလုံးသမားတွေနဲ့ မတူပါဘူး။ နှစ်ယောက်စလုံးက ပေါက်ကွဲအား ၊ လျင်မြန်မှု ၊ အမြင့်ခုန်စွမ်းရည် ၊ သက်လုံကောင်းမွန်မှု စတဲ့ အရာတွေ အားလုံးမှာ ကောင်းမွန်ကြသလို ဘယ်ခြေ ၊ ညာခြေ နှစ်ခုစလုံးကို သုံးနိုင်သူတွေပါ။ ဒါပေမယ့် နည်းစနစ်ပိုင်းမှာတော့ အမ်ဘာပေက ဟာလန်းထက် ပိုကောင်းပါတယ်။ ဟာလန်းကတော့ ကြံ့ခိုင်မှု ကောင်းမွန်တဲ့ ကစားသမားပါ။ သူက လုံးဝကို ဂိုးသွင်းစက် တလုံးပါ။ သူ့ကို နံပါတ်၇နေရာနဲ့ နံပါတ်၁၀ နေရာတွေမှာ သုံးလို့ မရပါဘူး။ သူတို့နှစ်ယောက်လုံးက ကောင်းကြပေမယ့် အမ်ဘာပေမှာတော့ ပိုကောင်းတဲ့ အရည်အသွေးမျိုး ရှိပါတယ်။ သူက ဘရာဇီးလ် ရော်နယ်ဒို ၊ သီယာရီ အွန်နရီတို့လိုမျိုး ဘောလုံးသမိုင်းရဲ့ ဂန္တဝင် တိုက်စစ်မှူး ဖြစ်လာမယ့်သူ” လို့ ထုတ်ဖော် ချီးကျူးခဲ့တာပါ။