ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ လက်ထောက်နည်းပြဟောင်း တဦး ဖြစ်သူ မူလန်စတင်းက မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့် နွေဈေးကွက် အတွင်းမှာ ဘာစီလိုနာရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ဖရန်ကီ ဒီဂျောင်ကို မရရအောင် ခေါ်သင့်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ကွင်းလယ်ပိုင်းမှာ ကတ်စ်မဲရိုး ၊ ဖာနန်ဒက် ၊ အဲရစ်ဆင် ၊ ဖရက်ဒ် ၊ တော်မီနေး ၊ ဗန်ဒီဘိခ် ၊ ဆာဘစ်ဇာ (အငှား) စတဲ့ ကွင်းလယ်လူ ၇ဦး အထိ ပိုင်ဆိုင်ထားပေမယ့် ဆာဘစ်ဇာက သူ့ရဲ့ မိခင်ကလပ် ဘိုင်ယန်မြူးနစ်ဆီ ပြန်ဖို့ ရာခိုင်နှုန်း များနေသလို တော်မီနေး ၊ ဗန်ဒီဘိခ်နဲ့ ဖရက်ဒ် စတဲ့ ကွင်းလယ်လူတွေကလည်း အသင်းပြောင်းနိုင်ချေ ရှိနေပါတယ်။

Photo Credit: The Sun

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် အဲရစ် တန်ဟက်ဂ်က လာမယ့် နွေဈေးကွက် အတွင်းမှာ အနည်းဆုံး ကွင်းလယ်လူ တဦးကို ခေါ်ယူဖို့ စီစဉ်ထားပြီး လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ဂျူဗင်တပ် ကွင်းလယ်လူ ရာဘီယော့ကို ခေါ်ယူဖို့ အတွက် ကြိုးစားနေကြပါတယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ လက်ထောက်နည်းပြဟောင်း တဦး ဖြစ်သလို ယူနိုက်တက်ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ရဲ့ လက်ရုံးလည်း ဖြစ်ခဲ့တဲ့ မူလန်စတင်းကတော့ ရာဘီယော့ အစား တန်ဟက်ဂ်ရဲ့ တပည့်ဟောင်းလည်းဖြစ် ၊ ဘာစီလိုနာမှာလည်း ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ ဒီဂျောင်ကိုသာ မန်ချက်စတာ ယူနိုက်တက်မှာ မြင်ချင်နေပါတယ်။

Photo Credit: Metro

ဒါကြောင့်ပဲ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ မူလန်စတင်းက ယူနိုက်တက်နည်းပြ တန်ဟက်ဂ်ဟာ ဒီဂျောင်ကို မရရအောင် ခေါ်သင့်ကြောင်း အကြံပေးစကား ပြောကြားသွားခဲ့တာပါ။ မူလန်စတင်းက – “မန်ယူက အရမ်းကောင်းတဲ့ ကွင်းလယ်လူ တဦးကို လိုအပ်နေပါတယ်။ ယူနိုက်တက်က ကွင်းလယ်ပိုင်းမှာ ကတ်စ်မဲရိုး ၊ အဲရစ်ဆင်နဲ့ ဘရူနို ဖာနန်ဒက်တို့လို အရမ်းကောင်းပြီး အတွေ့အကြုံလည်း များတဲ့ ကွင်းလယ်လူတွေကို ပိုင်ဆိုင်ထားတာ မှန်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်က အဲ့ဒီ ကစားသမားတွေနဲ့ ကွဲပြားတဲ့ ကွင်းလယ်လူ တဦးကိုလည်း လိုအပ်ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ဘရူနိုနဲ့ အဲရစ်ဆင်တို့က တိုက်စစ်ဆင်ရတာကို အတော်လေး အားသန်တဲ့ ကစားသမားတွေ ဖြစ်နေလို့ပါပဲ။ ကျွန်တော်ကသာ တန်ဟက်ဂ်ရဲ့ နေရာမှာ ရှိနေမယ် ဆိုရင် ဒီဂျောင်ကိုပဲ မရရအောင် ခေါ်ပါမယ်။ ဒီဂျောင်က ခွန်အားအပြည့်နဲ့ ကစားတတ်တဲ့ ကွင်းလယ်လူ တဦး ဖြစ်သလို ဘယ်ခြေရော ၊ ညာခြေကို သုံးနိုင်ပါတယ်။ ပြီးတော့ သူ့ရဲ့ နည်းစနစ်ပိုင်းကလည်း ကောင်းမွန်ပြီး သူဟာ ကစားကွက်ကို တည်ဆောက်တဲ့ နေရာမှာ အတော်လေးကို တော်တဲ့ ကွင်းလယ်လူ တဦးပါ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ အဲရစ် တန်ဟက်ဂ်တို့က ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်း ဒီဂျောင်ကို ခေါ်ယူနိုင်ဖို့ အတော်လေး နီးစပ်ခဲ့ဖူးပေမယ့် ဒီဂျောင်က မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ထက် ဘာစီလိုနာမှာ ဆက်နေဖို့သာ ဆုံးဖြတ်ခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက်ဟာ ဒီဂျောင်ကို လက်လွှတ်ခဲ့ရတာပါ။