ဂျာမနီ ကွင်းလယ်ဖန်တီးရှင် ထိပ်တန်းကစားသမားဖြစ်သူ အိုဇေးဟာ သူရဲ့လက်ရှိကလပ်အသင်းဖြစ်တဲ့ ဖီနာဘာချီနဲ့ မပြေလည်မှုတွေ ရှိနေရတာကြောင့် အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကိုပါ ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် လက်ရှိမှာ အိုဇေးအနေနဲ့ free agent ကစားသမား ဖြစ်သွားခဲ့ရပါတယ်။

Photo Credit : Daily Mail

အသက်(၃၃)နှစ်အရွယ်ရှိ ဂျာမနီလက်ရွေးစင်ဟောင်း အိုဇေးဟာ လက်ရှိမှာ တူရကီထိပ်သီးကလပ် ဖီနာဘာချီအသင်းမှာ ပါဝင်ကစားနေတာဖြစ်ပေမယ့် စည်းကမ်းပိုင်းဆိုင်ရာ အကြောင်းအရာတွေကြောင့် မတ်လနှောင်းပိုင်းကတည်းက အသင်းရဲ့ လူစာရင်းထဲကနေ ထုတ်ပယ်ခံထားရတာဖြစ်ပြီး အဲ့ဒီအချိန်ကနေ ဘောလုံးရာသီ ကုန်ဆုံးချိန်ထိ ဖီနာဘာချီအသင်းအတွက် တစ်ပွဲမှကို မပါဝင်ထားရတာ ဖြစ်ပါတယ်။ ဒီပြသာနာတွေဟာ ဖီနာဘာချီ ယာယီနည်းပြနဲ့ ပတ်သက်ပြီး ဖြစ်ပွားခဲ့တာဆိုပေမယ့် အခု နည်းပြသစ်လက်ထက်မှာပါ အိုဇေးကို ပထမအသင်းကနေ ထပ်မံချန်လှပ်ထားတာကြောင့် အိုဇေးအနေနဲ့ အခုလို ဆုံးဖြတ်ချက်လာခဲ့တာ ဖြစ်ပါတယ်။

Fenerbahce have cancelled Mesut Ozil's contract

Photo Credit : The Sun

NTVSpor ရဲ့ ဖော်ပြချက်အရ အိုဇေးရဲ့ ပြသာနာရပ်တွေကို လက်ရှိ ဖီနာဘာချီနည်းပြသစ် ဂျော့ဂျီးဆပ်က ခွင့်လွတ်ပေးခြင်းမရှိပဲ အသင်းရဲ့ ရာသီကြိုပွဲစဉ်တွေအတွက် လူစာရင်းမှာပါ အိုဇေးကို ချန်လှပ်ခဲ့တယ်လို့ သိရပါတယ်။ အိုဇေးဟာ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဇန်နဝါရီ ဈေးကွက်အတွင်းကမှ အာဆင်နယ်ကနေ တူရကီ ထိပ်သီးကလပ် ဖီနာဘာချီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းရဲ့ အဓိက ကစားသမားအဖြစ်ရော အသင်းခေါင်းဆောင်အဖြစ်နဲ့ပါ ပါဝင်နေရင်းကနေ ကွန်ယာစပေါ့အသင်းနဲ့ ပွဲစဉ်မှာ လူစားလဲခံခဲ့ရပြီးနောက်ပိုင်း အသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရကာ အသင်းရဲ့ ပွဲစဉ် (၈)ပွဲဆက်တိုက်အထိကို လွဲချော်ခဲ့ရပါတယ်။ အိုဇေးဟာ ရာသီမကုန်ခင်မှာပဲ အသင်းရဲ့ လူစာရင်းကနေ ဖယ်ရှားခံခဲ့ရပေမယ့် အသင်းအတွက်ကိုတော့ (၂၆)ပွဲ ပါဝင်ကစားပေးခဲ့ပြီး (၉)ဂိုး သွင်းယူပေးခဲ့သလို ဂိုးဖန်တီးမှု (၃)ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ အခုတော့ အသင်းလက်မဲ့ ကစားသမား ဖြစ်သွားခဲ့တဲ့ အိုဇေးဟာ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့့မှာသာ ဆက်လက်ရှိနေပြီး အစ္စတန်ဘူလ်ဘာရှက်ဆီဟီအသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ကစားဖို့ပါ ဆွေးနွေးနေတယ်လို့ သတင်းထွက်နေပါတယ်။ ဒါပေမယ့် အိုဇေးက သူ့အတွက် သင့်တော်တဲ့ အသင်းတစ်သင်းကို မရှာဖွေနိုင်ခဲ့ရင်တော့ ဘောလုံးသမားဘဝကိုပါ စောစောစီးစီး အဆုံးသတ်သွားနိုင်ပြီး Esport ဘက်ကို ကူးပြောင်းဖွယ် ရှိနိုင်တယ်လို့ အိုဇေးရဲ့ အေးဂျင့်ဖြစ်သူက ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။