ရီးယဲလ်မက်ဒရစ်နဲ့ အာဆင်နယ်အသင်းတို့ရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်သူ ဂျာမနီကွင်းလယ်လူ မက်ဇူအိုဇေးက လက်ရှိမှာ ဖီနာဘာချီရဲ့ ပထမအသင်း လူစာရင်းကနေ ဖယ်ရှားခံထားရလို့ ပွဲကစားခွင့်တွေ ပျောက်ဆုံးနေရတဲ့အပေါ် စိတ်ပျက်နေပြီး သူရဲ့ ဘောလုံးသမားဘဝကိုပါ အဆုံးသတ်လိုက်ဖွယ် ရှိနေသလို ပရော်ဖက်ရှင်နယ် eSports ကစားသမားအဖြစ် ပြောင်းလဲလုပ်ဆောင်ဖွယ် ရှိနေတယ်လို့ အိုဇေးရဲ့ အေးဂျင့်က ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : Sky Sports
အသက်(၃၃)နှစ်အရွယ်ရှိ ဂျာမနီလက်ရွေးစင်ဟောင်း အိုဇေးဟာ လက်ရှိမှာ တူရကီထိပ်သီးကလပ် ဖီနာဘာချီအသင်းမှာ ပါဝင်ကစားနေတာဖြစ်ပေမယ့် စည်းကမ်းပိုင်းဆိုင်ရာ အကြောင်းအရာတွေကြောင့် ဧပြီလကတည်းက အသင်းရဲ့ လူစာရင်းထဲကနေ ထုတ်ပယ်ခံထားရတာဖြစ်ပြီး အဲ့ဒီအချိန်ကနေ ဘောလုံးရာသီ ကုန်ဆုံးချိန်ထိ ဖီနာဘာချီအသင်းအတွက် တစ်ပွဲမှကို မပါဝင်ထားရတာ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ဖီနာဘာချီအသင်းအတွက် ပြန်ကစားပေးရဖွယ် မရှိတဲ့ အိုဇေးဟာ ရုတ်တရက် ဘောလုံးသမားဘဝကနေသာ အနားယူလိုက်မယ်ဆိုရင် သူ့ကို sSport ကစားသမားတစ်ယောက်အဖြစ် ဆက်လက်မြင်တွေ့ရလိမ့်မယ်လို့ အိုဇေးရဲ့ အေးဂျင့်ဖြစ်သူက ပြောကြားသွားခဲ့ပါတယ်။
Photo Credit : SPORTbible
အိုဇေးရဲ့ အေးဂျင့်က “သူက eSports ဘက်ကို ပိုမိုပါဝင်လာပါလိမ့်မယ်။ သူ့ဘာသာလည်း ကစားသလို eSports ကစားသမားတစ်ယောက်လည်း ဖြစ်လာနိုင်တယ်။ ရိုးရိုးသားသားပြောရရင် သူက Fortnite ဂိမ်းမှာ တကယ်ကို တော်လွန်းသူဖြစ်လို့ တစ်နေ့နေ့ သူအဲ့ဒီဂိမ်းကို ဝင်ရောက်ယှဉ်ပြိုင်တဲ့အခါကျရင် ကျွန်တော် အံ့သြမိမှာ မဟုတ်ဘူး။ သူ့မှာ တွဲဖက်ကစားတဲ့ ကစားသမားတွေနဲ့အတူ M10 Esports ဆိုတဲ့ အသင်းတစ်သင်းကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ ဂျာမနီနိုင်ငံမှာလည်း သူရဲ့ gaming house တစ်ခု ရှိပါသေးတယ်။ သူ့က FIFA လို ဘောလုံးဂိမ်းနဲ့ Fortnite ဂိမ်းတွေကို အကောင်းဆုံး ကစားနိုင်သူပါ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဖီနာဘာချီအသင်းမှာ အဓိက ကစားသမားအဖြစ်ရော အသင်းခေါင်းဆောင်အဖြစ်နဲ့ပါ ပါဝင်နေရသူ အိုဇေးဟာ ကွန်ယာစပေါ့အသင်းနဲ့ ပွဲစဉ်မှာ လူစားလဲခံခဲ့ရပြီးနောက်ပိုင်း အသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရသလို အသင်းရဲ့ ပွဲစဉ် (၈)ပွဲဆက်တိုက်အထိကို လွဲချော်ခဲ့ရပါတယ်။ အိုဇေးဟာ ရာသီမကုန်ခင်မှာပဲ အသင်းရဲ့ လူစာရင်းကနေ ဖယ်ရှားခံခဲ့ရပေမယ့် အသင်းအတွက်ကိုတော့ (၂၆)ပွဲ ပါဝင်ကစားပေးခဲ့ပြီး (၉)ဂိုး သွင်းယူပေးခဲ့သလို ဂိုးဖန်တီးမှု (၃)ကြိမ် ပြုလုပ်ထားပါတယ်။