အာဆင်နယ်အသင်းရဲ့ ကွင်းလယ် ကစားသမား အိုဇေးလ်ဟာ ပြီးခဲ့တဲ့ လက ချဲလ်ဆီးအသင်းနဲ့ ကစားရမယ့် အက်ဖ်အေ ဖလား ဗိုလ်လုပွဲစဉ် မတိုင်ခင် နည်းပြ အာတီတာရဲ့ ခွင့်ပြုချက်ကြောင့် တူရကီနိုင်ငံကို သွားခဲ့တာ ဖြစ်ပြီး အခုအချိန်အထိ အသင်းကို ပြန်မလာသေးတာ ဖြစ်ပါတယ်။ ကွင်းလယ်လူ အိုဇေးလ်ဟာ တူရကီ အခြေစိုက် အစ္စတန်ဘူလ်ရှက်ကာအသင်းရဲ့ နည်းပြဖြစ်သူ အိုကန် ဘူရက်ခ်နဲ့ တွဲရိုက်ထားတဲ့ ဓါတ်ပုံတွေ လူမှုကွန်ရက်ပေါ်မှာ ထွက်ပေါ်လာခဲ့ပြီးနောက် သူ့ရဲ့ လာမယ့် အနာဂတ်နဲ့ ပက်သက်ပြီး အရိပ်အမြွက်ပြလိုက်သလို ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Mirror

ကွင်းလယ် ကစားသမား အိုဇေးလ်ဟာ အာဆင်နယ်အသင်းနဲ့ စာချုပ် (၁) နှစ်ပဲ ကျန်ရှိတော့တာ ဖြစ်ပြီး အာဆင်နယ် နည်းပြ အာတီတာရဲ့ လက်အောက်မှာ ပုံမှန် ပွဲထွက်ခွင့် ပြန်လည် ရရှိနိုင်ဖို့ မသေချာတော့တာကြောင့် စာချုပ်ကုန်ရင် အသင်းက ထွက်သွားနိုင်ချေ အလွန် များပါတယ်။ အိုဇေးလ်ရဲ့ အေးဂျင့်ကတော့ ပြီးခဲ့တဲ့ လမှာ အိုဇေးလ်အနေနဲ့ အာဆင်နယ်အသင်းမှာ လာမယ့် (၂၀၂၁) ခုနှစ်၊ စာချုပ်ကုန် အထိ ဆက်ရှိနေမှာ ဖြစ်တယ်လို့ ပြောခဲ့တာကြောင့် ကွင်းလယ် ကစားသမား အိုဇေးလ်အနေနဲ့ အာဆင်နယ်အသင်းမှာ စာချုပ်ကုန်ထိ ဆက်ရှိဖွယ် ရှိပါတယ်။

Photo Credit: Mirror

ကွင်းလယ် ကစားသမား အိုဇေးလ်ဟာ အာဆင်နယ်အသင်းမှာ တစ်ပတ်ကို ပေါင် (၃၅၀,၀၀၀) ရရှိနေတာ ဖြစ်ပြီး အာဆင်နယ်အသင်းကလည်း လစာ များများ ပေးရတဲ့ အသင်းရဲ့ ကွင်းလယ် ကစားသမား အိုဇေးလ်ကို စာချုပ်ကုန်ရင် စာချုပ်သစ် ထပ်တိုးဖို့ ဆန္ဒ မရှိဘူးလို့ သိရပါတယ်။ တူရကီ ရုပ်သံ Acun Ilicali က အာဆင်နယ် ကွင်းလယ်လူ အိုဇေးလ် နဲ့ တူရကီ လက်ရွေးစင် ကစားသမားဟောင်း၊ လက်ရှိ အစ္စတန်ဘူလ်ရှက်ကာအသင်းရဲ့ နည်းပြ ဖြစ်သူ ဘူရက်ခ်တို့ရဲ့ တွဲရိုက်ထားတဲ့ ပုံကို Instagram ရဲ့ story မှာ တင်သွားခဲ့ပြီး ပုံက ချက်ချင်း ပြန့်သွားခဲ့ပါတယ်။ အစ္စတန်ဘူလ် ရှက်ကာအသင်းကတော့ လက်ရှိရာသီမှာ တူရာကီ လိဂ်ပြိုင်ရဲ့ ချန်ပီယံ အသင်း ဖြစ်ပြီး အသင်းရဲ့ နည်းပြ ဘူရက်ခ် နဲ့ အိုဇေးလ်ရဲ့ ဓါတ်ပုံက အစ္စတန်ဘူလ်ရှက်ကာအသင်းရဲ့ ပရိသတ်တွေအတွက် ပျော်စရာ ဖြစ်ဖြစ်ပြီး အာဆင်နယ်ဖန်တွေကို ဒေါသထွက်စေခဲ့ပါတယ်။