အာဆင်နယ်အသင်းမှာ ပွဲထွက်ကစားခွင့်တွေ လုံးဝပျောက်ဆုံးနေရပြီး နည်းပြမီခဲလ်အာတီတာရဲ့ ယုံကြည်မှုမရရှိထားခဲ့တဲ့ ဂျာမန်ကွင်းလယ်ဖန်တီးရှင်ကစားသမား မက်ဇတ်အိုဇေးဟာ အသင်းကနေ ထွက်ခွာသွားတော့မှာဖြစ်ပြီး လာမယ့်ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာပဲ သူ့ကို အတော်လေး အလိုရှိနေတဲ့ တူရကီထိပ်သီးကလပ် ဖီနာဘာချီအသင်းဆီ ပြောင်းရွှေ့တော့မှာဖြစ်ကာ အပြောင်းအရွှေ့ကိစ္စတွေ အထမြောက်လာဖို့က ၉၀%လောက်အထိ သေချာနေပြီလို့ သိရှိရပါတယ်။

Photo Credit : Kyro Sports

အသက်(၃၂)နှစ်အရွှယ်ရှိ ဂျာမနီလက်ရွေးစင်ဟောင်း ကွင်းလယ်ကစားသမား အိုဇေးဟာ အာဆင်နယ်အသင်းရဲ့ အဓိက ကစားသမားတစ်ယောက် ဖြစ်ခဲ့ပေမယ့်လည်း နည်းပြအာတီတာရဲ့လက်အောက်မှာတော့ အတော်လေးကို ပွဲထွက်ကစားခွင့်တွေက နည်းပါးလွန်းနေပြီး အသင်းမှာ သူ့လို ကစားသမားမျိုးကို လိုအပ်နေချိန်မှာတောင် အာတီတာက အိုဇေးကို ပြန်လည်နေရာမပေးခဲ့တဲ့အတွက် အိုဇေးလည်း အာဆင်နယ်ကို စွန့်ခွာသွားဖို့ စီစဉ်လာခဲ့ရတာဖြစ်ပါတယ်။ လတ်တလောမှာတော့ အိုဇေးဟာ တူရကီကလပ် ဖီနာဘာချီအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လို့နေပြီး ဖီနာဘာချီဘက်ကနေလည်း သူတို့အသင်းက အိုဇေးကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတယ်လို့ ထုုတ်ပြန်လာခဲ့ပါတယ်။

Photo Credit : Goal

ဖီနာဘာချီအသင်းနဲ့ သက်ဆိုင်သူတစ်ဦးက အိုဇေးရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး “အသင်းနဲ့ အချိတ်အဆက် ကောင်းကောင်းရှိနေတယ် Source တစ်ခုကနေ ပြောဆိုထားချက်အရ အိုဇေးဟာ လာမယ့်အပြောင်းအရွှေ့စျေးကွက်အတွင်းမှာပဲ ဖီနာဘာချီအသင်းရဲ့ ကစားသမားဖြစ်လာလိမ့်မယ်လို့ သိရပါတယ်။ တစ်လအတွင်းမှာပဲ အိုဇေးက ကျွန်တော်တို့ရဲ့ အသင်းသားဖြစ်လာလိမ့်မယ်ဆိုတာ ၉၀%လောက် သေချာနေပြီလို့ပါ ကျွန်တော်ပြောဆိုချင်တယ်” လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အိုဇေးဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မှာဖြစ်လို့ လာမယ့်ဆောင်းရာသီအတွင်း သူ့ကို ခေါ်ယူမယ်ဆိုရင် ပြောင်းရွှေ့ကြေးအနည်းငယ်သာ အသုံးပြုရနိုင်မှာဖြစ်လို့ ဖီနာဘာချီဘက်ကနေ အိုဇေးကို ယူရို(၉)သန်းလောက်နဲ့ ခေါ်ယူဖွယ် ရှိနေပါတယ်။ ဒါပေမယ့် အိုဇေးက လစာမြင့်မားလှတဲ့ ကစားသမားတစ်ယောက်ဖြစ်တဲ့အတွက် လုပ်ခလစာအပိုင်းကတော့ ဖီနာဘာချီအသင်းအတွက် ခေါင်းခြောက်စရာ ဖြစ်လာနိုင်ပါတယ်။ အိုဇေးဟာ အာဆင်နယ်အသင်းမှာတော့ မတ်လ(၇)ရက်နောက်ပိုင်းကတည်းက လုံးဝကို ပါဝင်ကစားရခြင်း မရှိတော့တာဖြစ်ပြီး အာဆင်နယ်ကစားသမားဟောင်းတွေနဲ့ အသင်းပရိသတ်တွေအားလုံးကတော့ အိုဇေးကို နေရာပြန်ပေးဖို့ အသင်းကို တောင်းဆိုထားကြပါတယ်။