ဘာစီလိုနာအသင်းကတော့ မနေ့ညတုန်းက အီတလီနိုင်ငံ နေပယ်မြို့မှာ နာပိုလီအသင်းနဲ့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှုံးထွက်ပထမအကျော့ပွဲစဉ်ကို ဆင်နွဲကစားခဲ့ပြီး နာပိုလီတိုက်စစ်ကစားသမား မာတန်စ်ရဲ့ပထမပိုင်းသွင်းဂိုးနဲဲ့ စတင်ဦးဆောင်ခံခဲ့ရပေမယ့် ဒုတိယပိုင်းအစမှာ ပြန်လည်သွင်းယူနိုင်ခဲ့တဲ့ ဂရစ်ဇ်မန်းရဲ့ ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့ရင်းနဲ့ တစ်ဖက်၁ဂိုးစီ သရေနဲ့ပဲ အဆုံးသတ်သွားခဲ့ပါတယ်။ ဒီပွဲမှာ ဘာစီလိုနာရဲ့ကစားပုံက အားရစရာလုံးဝမရှိခဲ့လို့ ဒီပုံစံအတိုင်းနဲ့သာဆိုရင် ချန်ပီယံလိဂ်ဖလားကို ပိုင်ဆိုင်နိုင်မှာမဟုတ်ဘူးလို့ ညည်းတွားပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal.com

အခုလို အဝေးဂိုးတစ်ဂိုးသွင်းယူပြီး အဝေးကွင်းမှာ သရေရလဒ်ရအောင် ကစားနိုင်ခဲ့တာ ဘာစီလိုနာအသင်းအတွက် ကျေနပ်စရာရလဒ်လို့ ဆိုနိုင်ပေမယ့်လည်း တစ်ပွဲလုံးအတိုင်းအတာအရ ခြေစွမ်းပိုင်းက လုံးဝကို အားရစရာမရှိခဲ့ပဲ ဂိုးပေါက်တည့်ကန်ချက်ကလည်း ၁ကြိမ်သာရှိခဲ့ကာ ဒီကန်ချက်ကနေ ချေပဂိုးပြန်လည်ရယူခဲ့တာဖြစ်ပါတယ်။ ပွဲကစားချိန်တော်တော်များများမှာ ဘာစီလိုနာအသင်းက သူတို့ရဲ့ထုံးစံအတိုင်း ဘောလုံးပိုင်ဆိုင်မှုကို အသာစီးရယူနိုင်ခဲ့ပေမယ့် တိုက်စစ်ဆင်မှုအပိုင်း အိမ်ရှင်အသင်းလောက် ထိရောက်မှုမရှိခဲ့ပဲ သရေရလဒ် ရယူနိုင်ခဲ့တာတောင် ကျေနပ်သင့်တယ်လို့ ပရိသတ်တချို့ဘက်ကနေ မှတ်ချက်ပြုထားခဲ့ပါသေးတယ်။

Photo Credit : Goal.com

ဘာစီလိုနာနည်းပြဆယ်တီယန်ကလည်း သူရဲ့နည်းပြဘဝ ပထမဦးဆုံး ချန်ပီယံလိဂ်ပြိုင်ပွဲကို ယှဉ်ပြိုင်ကစားခဲ့ရပေမယ့် အသင်းကို နိုင်ပွဲရအောင် မလုပ်ဆောင်ပေးနိုင်ခဲ့တဲဲ့အပြင် သူရဲ့ဥရောပအတွေ့အကြုံနည်းပါးမှုတွေကလည်း အသင်းအတွက် ထိခိုက်စေခဲ့ရပါတယ်။ ပရိသတ်တချို့ကလည်း တခြားကမ္ဘာကနေ ဘောလုံးလာကစားသူလို့ တင်စားခံထားရတဲ့ လီယွန်နယ်မက်ဆီတောင် စီးရီးအေအသင်းတွေနဲ့ အီတလီနိုင်ငံမှာ ယှဉ်ပြိုင်ကစားလိုက်တော့ ရိုးရိုးသာမာန်လူလောက်ပဲ ကစားနိုင်တော့တယ်လို့ နောက်ပြောင်ပြောဆိုခဲ့ကြပါတယ်။ မက်ဆီလည်း မနေ့ညကပွဲမှာ ဘာမှမလုပ်ဆောင်နိုင်ခဲ့ပဲ ရုန်းကန်ခဲ့ရာကာ သူရဲ့ဘာစီလိုနာအသင်းအနေနဲ့ ချန်ပီယံလိဂ်ဖလားကို တကယ်ပိုင်ဆိုင်ချင်တယ်ဆိုရင် ဒီပုံစံနဲ့ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ ထောက်ပြပြောဆိုသွားခဲ့ပါတယ်။