ဘာစီလိုနာအသင်းနဲ့ စပိန်လာလီဂါပြိုင်ပွဲကနေ ထွက်ခွာသွားချင်နေတဲ့ အာဂျင်တီးနားတိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီသာ သူရဲ့ဆန္ဒအတိုင်း အသင်းကနေသာ ထွက်ခွာခွင့်ရခဲ့မယ်ဆိုရင် ဘာစီလိုနာအသင်းအတွက် ကြီးမားတဲ့ဆုံးရှံးမှုတစ်ခု ဖြစ်လာနိုင်တယ်ဆိုပေမယ့်လည်း မက်ဆီမရှိတော့ရင်လည်း ဘာစီလိုနာအနေနဲ့ ဆက်လက်ရပ်တည်နိုင်ဦးမှာဖြစ်သလို မက်ဆီအနေနဲ့ စပိန်လာလီဂါမှာ မရှိတော့ရင်လည်းအခြားကြယ်ပွင့်ကစားသမားတွေလည်း သူ့ရဲ့နေရာကို ဝင်ရောက်လာနိုင်လိမ့်မယ်လို့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ လူကာမိုဒရစ်က ပြောဆိုလာခဲ့ပါတယ်။

Photo Credit : talkSPORT

အသက်(၃၃)နှစ်အရွှယ် အာဂျင်တီးနားလက်ရွေးစင် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားမက်ဆီက ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ဘာစီလိုနာအသင်းကနေ ထွက်ခွာချင်နေတယ်လို့ အသိပေးခဲ့ကာ အသင်းကို စွန့်ခွာဖို့ ကြိုးပမ်းလာခဲ့တဲ့အတွက် ကမ္ဘာ့ဘောလုံးလောကတစ်ခုလုံးကို လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေခဲ့ရကာ မက်ဆီကို အလိုရှိနေတဲ့ ကလပ်အသင်းတွေကလည်း မက်ဆီကို အရခေါ်ယူနိုင်ဖို့ ကြိုးပမ်းလာခဲ့ကြပါတယ်။ တကယ်လို့ မက်ဆီသာ ဘာစီလိုနာအသင်းကနေ ထွက်ခွာခဲ့မယ်ဆိုရင် အသင်းနဲ့ လာလီဂါပြိုင်ပွဲအတွက်က ဆုံးရှံးမှုဖြစ်လာနိုင်ပေမယ့်လည်း မက်ဆီမရှိတော့ရင်လည်း ဘာစီလိုနာအသင်းအနေနဲ့ အောင်မြင်မှုတွေ ရယူနိုင်ဦးမှာဖြစ်တယ်လို့ မိုဒရစ်က ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

မိုဒရစ်က “ဒါက ဆုံးရှံးမှုကြီးတစ်ခု ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့အသင်းကနေ ခရစ္စတီယာနို ထွက်ခွာခဲ့သလိုမျိုးပေါ့။ ဒါပေမယ့် ခင်ဗျားအနေနဲ့ ပြီးခဲ့တာတွေကိုပဲ တွေးတောနေလို့တော့ မရနိုင်ဘူး။ ဒါက ဘောလုံးပဲလေ။ ဒီလိုကိစ္စတွေဆိုတာလည်း ရှိတတ်တာပဲ။ တကယ်လို့ မက်ဆီသာ ထွက်ခွာသွားခဲ့မယ်ဆိုရင်တော့ ဒါက လိဂ်တစ်ခုလုံးအတွက် ဆုံးရှံးမှုကြီးတစ်ခု ဖြစ်လာစေမှာပါ။ ဒါပေမယ့် အားလုံးက ရှေ့ဆက်နေရမှာပဲလေ။ အခြားကစားသမားတွေလည်း ကြယ်ပွင့်ကစားသမားတွေ ဖြစ်လာနိုင်တာပဲ။ ရော်နယ်ဒို ထွက်ခွာသွားချိန်တုန်းက အခုလို ပုံစံမျိုးတွေ ဖြစ်ခဲ့တာပဲ။ ရော်နယ်ဒိုမပါဝင်တော့တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ပုံစံနဲ့ မက်ဆီမပါဝင်တော့တဲ့ ဘာစီလိုနာအသင်းရဲ့ပုံစံတို့က တူညီနေပါလိမ့်မယ်” လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ရော်နယ်ဒိုကို အသင်းကနေ ရောင်းချလိုက်ရပြီးနောက်ပိုင်းမှာ ရုန်းကန်မှုတွေ ရှိခဲ့ရပေမယ့်လည်း ပြီးခဲ့တဲ့နှစ်မှာပဲ စပိန်လာလီဂါဆုဖလားကို အရယူနိုင်ခဲ့တဲ့အတွက် အသင်းရဲ့ Icon ကစားသမားတစ်ယောက်ကို ဆုံးရှံးလိုက်ရတာက အသင်းအတွက် အမြဲတမ်းကြီး ဆိုးကျိုးသက်ရောက်နေမှာမဟုတ်ဘူးလို့ မိုဒရစ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် မိုဒရစ်ရဲ့အသင်းဖော်ရာမို့စ်ကတော့ သူရဲ့ပြိုင်ဘက်မက်ဆီကို လာလီဂါမှာ ဆက်လက်မြင်တွေ့ချင်တယ်လို့ ပြောဆိုခဲ့ပါတယ်။