ဘာစီလိုနာအသင်းရဲ့ ကွင်းလယ် ကစားသမားဟောင်း ဇာဗီကတော့ တစ်ချိန်က ဘာစီလိုနာ အသင်းမှာ ကစားခဲ့စဉ်က အတူ တွဲကစားခဲ့တဲ့ အသင်းဖော်ဟောင်း မက်ဆီကို အသက် (၄၀) နီးပါးအထိ ဘောလုံး ကစားနိုင်ပြီး ကွာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ကစားနိုင်ဦးမယ်လို့ ပြောသွားပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ လက်ရှိမှာ အသက် (၃၂) နှစ်အရွယ် ရှိနေပြီ ဖြစ်ပြီး ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် လာလီဂါ ပြိုင်ပွဲ နဲ့ ဥရောပ ပြိုင်ပွဲတွေကို မရပ်သေးခင် ပြိုင်ပွဲစုံ သွင်းဂိုး (၂၄) ဂိုး သွင်းယူထားပြီး ဘာစီလိုနာအသင်းနဲ့ အတူ ခြေစွမ်းပြသလျက် ရှိနေပါတယ်။

Photo Credit: Goal

ဇာဗီ နဲ့ မက်ဆီဟာ ဘာစီလိုနာအသင်းရဲ့ အကယ်ဒမီထွက် ကစားသမားတွေ ဖြစ်ကြပြီး ကွင်းလယ်လူ ဇာဗီကတော့ ဘာစီလိုနာ (ဘီ) အသင်း နဲ့ ဘာစီလိုနာ ပထမအသင်းအတွက် နှစ်ပေါင်း (၂၀) နီးပါး ကစားပြီးနောက် ကွာတာနိုင်ငံက အယ်လ်ဆတ်အသင်းကို ပြောင်းသွားခဲ့ပါတယ်။ ဇာဗီဟာ ကစားသမားဘဝက အနားယူပြီးနောက် အသင်းဟောင်း အယ်လ်ဆတ်အသင်းကို နည်းပြနေပြီး သူက ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ဘာစီလိုနာအသင်းကို နည်းပြဖို့ အခွင့်အရေး ရရှိခဲ့ပေမဲ့လည်း အချိန်ကောင်း မဟုတ်သေးတာကြောင့် ငြင်းပယ်ခဲ့တယ်လို့ ပြောသွားပါတယ်။

Photo Credit: Goal

ဇာဗီဟာ အင်စတာဂရမ်မှာ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူးဟောင်း အီတူးနဲ့ အမေးအဖြေ ပြုလုပ်သွားခဲ့ကြတဲ့ အချိန်မှာ သူက “မက်ဆီက နောက်ထပ် (၅) နှစ် ဒါမှမဟုတ် (၇) နှစ်အထိ ကစားနိုင်ပါသေးတယ်။ သူဟာ သူ့ကိုယ်သူ ဂရုစိုက်ပြီး အသက် (၃၇) နှစ်၊ အသက် (၃၈) နှစ် ဒါမှမဟုတ် အသက် (၃၉) အထိ ကစားနိုင်ပါသေးတယ်။ သူ ကွာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ကစားနိုင်မယ်လို့ ကျွန်တော် သေချာ ပြောရဲပါတယ်”လို့ အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်။ ဆက်လက်ပြီး သူက “ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ဘာစီလိုနာအသင်းကို နည်းပြဖို့ အချိန်ကောင်း မဖြစ်ခဲ့ပါဘူး။ ကျွန်တော် ဘာစီလိုနာအသင်းဆီကနေ ကြီးမားတဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အချိန်ကောင်း မဖြစ်သေဘူး။ အတွေ့အကြုံ လိုအပ်နေပါသေးတယ်”လို့ ပြောခဲ့ပါတယ်။