လာမယ့် နိုဝင်ဘာလ ၂၉ရက်နေ့မှာ ကျင်းပပြုလုပ်ကာ ပေးအပ် ချီးမြှင့်မယ့် ရွှေဘောလုံးဆု အတွက် မဲပေးပွဲ ကတော့ မကြာခင်မှာပဲ စတင် ပြုလုပ်တော့မှာ ဖြစ်ပါတယ်။

ယခုနှစ် ရွှေဘောလုံးဆု အတွက် စကာတင် ကစားသမား ၃၀ဦး စာရင်းကို ယမန်နေ့မှာ ထုတ်ပြန်ခဲ့ပြီး နိုင်ငံလက်ရွေးစင် အသင်းတွေရဲ့ အသင်းခေါင်းဆောင်တွေ ၊ နည်းပြတွေဟာ ရွှေဘောလုံးဆု အတွက် မဲပေးရွေးချယ်ရတော့မှာပါ။

Photo Credit: Marca

ရွှေဘောလုံးဆု အတွက် မဲပေးခွင့် ရှိတဲ့ လူတွေဟာ ကစားသမား ၃ဦးကို ရွေးချယ်ခွင့် ရှိပြီး နံပါတ်၁နေရာမှာ ရွေးချယ်ခံရတဲ့ ကစားသမားဟာ ရမှတ် ၅မှတ် ရရှိမှာ ဖြစ်ကာ နံပါတ်၂နေရာမှာ ရွေးချယ်ခံရတဲ့ ကစားသမား ကတော့ ရမှတ် ၃မှတ် ရရှိမှာပါ။ နံပါတ်၃နေရာမှာ ရွေးချယ်ခံရတဲ့ ကစားသမားက ရမှတ် ၁မှတ် ရရှိမှာပါ။

ရွှေဘောလုံးဆုဟာ အမှတ်ပေးစနစ်နဲ့ ရွေးချယ်ကာ ပေးအပ်ချီးမြှင့်တဲ့ ဆုတံဆိပ် တခု ဖြစ်ပြီး တနှစ်တာရဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု အဖြစ်လည်း ဘောလုံး ပရိသတ်တွေနဲ့ ကျွမ်းကျင်သူတွေရဲ့ သတ်မှတ်ခြင်းကို ခံထားရပါတယ်။

Photo Credit: Marca

ယခုနှစ်ရဲ့ ရွှေဘောလုံးဆုကို ရရှိဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ ပီအက်စ်ဂျီ တိုက်စစ်မှူး လီယွန်နယ် မက်ဆီက အာဂျင်တီးနား လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်တာကြောင့် ရွှေဘောလုံးဆု အတွက် မဲပေးခွင့် ရှိပြီး မက်ဆီကတော့ သူဟာ သူ့ရဲ့ ကလပ်အသင်းဖော် နှစ်ဦး ဖြစ်သူ အမ်ဘာပေနဲ့ နေမာတို့ကို မဲပေးသွားမယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ရွှေဘောလုံးဆု အတွက် ဘယ်သူတွေကို မဲပေးမလဲ ဆိုတာနဲ့ ပတ်သတ်ပြီး မက်ဆီက – “ သေချာတာက ကျွန်တော့်ရဲ့ အသင်းဖော် နှစ်ဦး ဖြစ်တဲ့ ကိုင်လီယန်နဲ့ နေမာတို့ကို မဲပေးသွားမှာပါ။ ဒီနှစ်မှာတော့ တဦးချင်း စွမ်းရည် အရမ်းကောင်းတဲ့ ကစားသမားတွေ ရှိပါတယ်။ ဥပမာ လီဝမ်ဒေါစကီးလိုပေါ့။ ဘန်ဇီမာကလည်း အတော်လေး ကောင်းခဲ့ပါတယ်။ ဒီတော့ ဒီနှစ်ရဲ့ ရွှေဘောလုံးဆုကို ဘယ်သူက ရမလဲ ဆိုတာ ပြောဖို့ ခက်ပါတယ်” လို့ ထုတ်ဖော် ပြောကြားခဲ့တာပါ။