လက်ရှိ နွေဈေးကွက် အတွင်းမှာ ကစားသမားဘဝ တခုလုံး ကစားခဲ့တဲ့ ဘာစီလိုနာအသင်း ကနေ ထွက်ခွာကာ ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ သူ့ရဲ့ ကစားသမားဘဝ နောက်ဆုံးအချိန်ကို ဘာစီလိုနာအသင်း၌ ကုန်ဆုံးဖို့ စဉ်းစားနေကြောင်း နာမည်ကျော် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၃၄နှစ် အရွယ် ဘာစီလိုနာ ကြယ်ပွင့်ဟောင်း လီယွန်နယ် မက်ဆီဟာ ကလေးဘဝထဲက ကစားခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ စာချုပ်သစ် ထပ်မံ ချုပ်ဆိုနိုင်ခြင်း မရှိတော့တာကြောင့် ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းထံ ၂နှစ် စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့သူပါ။

Photo Credit: Marca

ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၆ကြိမ်တိုင်တိုင် ရရှိထားတဲ့ လီယွန်နယ် မက်ဆီဟာ သူ့ရဲ့ ကစားသမား ဘဝ နောက်ဆုံးအချိန် အပိုင်းအခြားမှာ ဥရောပ ချန်ပီယံလိဂ်ဆုဖလားကို နောက်ထပ် တကြိမ် ထပ်မံ ရယူနိုင်ဖို့ ဆန္ဒရှိနေသူ ဖြစ်ပြီး ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့လာတာကလည်း ချန်ပီယံလိဂ် ဆုဖလားကို စိန်ခေါ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မက်ဆီဟာ ပီအက်စ်ဂျီအသင်းမှာ အသင်းဖော်ဟောင်း နေမာ ၊ အာဂျင်တီးနား အသင်းဖော် ဒီမာရီယာ ၊ ပါရီဒက်စ်တို့နဲ့ အဖွဲ့ကျနေပြီး ယခင်က ပြိုင်ဘက် ဖြစ်ခဲ့သူ ဆာဂျီယို ရာမို့စ် ၊ နာဗက်တို့နဲ့လည်း ဆက်ဆံရေးကောင်းတွေ ရှိနေပါတယ်။

Photo Credit: Marca

ဒါပေမယ့် မက်ဆီဟာ သူ့ရဲ့ ကစားသမားဘဝကို ပီအက်စ်ဂျီအသင်းမှာ အဆုံးသတ်ဖို့ မရည်ရွယ်ထားပဲ အသင်းဟောင်း ဘာစီလိုနာအသင်းမှာသာ အဆုံးသတ်ဖို့ စဉ်းစားနေကြောင်း နာမည်ကျော် သတင်းဌာန တခု ဖြစ်တဲ့ ESPN သတင်းဌာနက အခိုင်အမာ ဖော်ပြသွားပါတယ်။

ESPN သတင်းဌာနရဲ့ ပင်တိုင် ဆောင်းပါးရှင် အာဂျင်တီးနားလူမျိုး သတင်းထောက် ရီကွယ်မီက – “မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံလိဂ် ဆုဖလား ရယူပြီးရင် သူ့ရဲ့ အချစ်ဆုံးကလပ် ဖြစ်တဲ့ ဘာစီလိုနာအသင်းဆီ ပြန်ပြီး ကစားသမားဘဝကို အဆုံးသတ်မှာပါ” လို့ ထုတ်ဖော် ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။