ဘာစီလိုနာအသင်း ကနေ ထွက်ခွာချင်နေတဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီနဲ့ မက်ဆီကို အသင်းကနေ လက်လွှတ်ဖို့ ဆန္ဒမရှိတဲ့ ဘာစီလိုနာအသင်း ဘုတ်အဖွဲ့ရဲ့ ဆန္ဒတွေကြောင့် လက်ရှိမှာတော့ မက်ဆီနဲ့ ဘာစီလိုနာအသင်းရဲ့ အကြောင်းဟာ အတော်လေးကို စိတ်ဝင်စားစရာ ကောင်းလာပါပြီ။ အသက် ၃၃နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ် သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့သူ ဖြစ်ပြီး လာမယ့် ၂၀၂၁ ခုနှစ်မှာ ဘာစီလိုနာ အသင်း ကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရမှာ မှန်ပေမယ့် လက်ရှိ နွေစျေးကွက် အတွင်းမှာပဲ ဘာစီလိုနာကို စွန့်ခွာချင်နေသူပါ။ တစ်ဖက်မှာလည်း ဘာစီလိုနာအသင်း ဘုတ်အဖွဲ့ဟာ မက်ဆီကို လက်လွှတ်သွားဖို့ ဆန္ဒမရှိကြပါဘူး။

Photo Credit: Marca

မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ် သက်တမ်း တစ်နှစ် ကျန်ရှိနေသေးပေမယ့် ပြီးခဲ့တဲ့ ဇွန်လမှာ သက်တမ်း ကုန်သွားတဲ့ အသင်း ကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာလိုပါက ထွက်ခွာနိုင်တယ် ဆိုတဲ့ အချက်ကို အသုံးပြုပြီး ဘာစီလိုနာအသင်းကနေ ထွက်ခွာလို နေတာပါ။ ယခုအချိန်ဟာ ဩဂုတ်လ အတွင်းကို ရောက်ရှိ နေပြီ ဖြစ်ပေမယ့် မက်ဆီကတော့ ကိုရိုနာဗိုင်းရပ်ပိုး ကြောင့် ဘောလုံးပွဲစဉ်တွေကို ရပ်နားထားခဲ့ရတဲ့ လတွေကို မေ့ထားလိုက်ပါက သူ့ရဲ့စာချုပ်ဟာ အကျုံးဝင်နေသေးတယ် လို့ ယူဆနေပြီး မက်ဆီရဲ့ ရှေ့နေ ဖြစ်သူဟာလည်း မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းကို တရားစွဲပါက ကျိန်းသေပေါက် နိုင်လိမ့်မယ် လို့ ယူဆ ထားပါတယ်။

Photo Credit: Marca

ဒါ့ကြောင့်ပဲ မက်ဆီဟာ ဘာစီလိုနာအသင်းကသာ သူ့ကို အသင်းမှာ ဆက်နေဖို့ ဖိအားပေးနေရင် တရားတပေါင် ရင်ဆိုင်ကာ အသင်းကနေ ထွက်သွားဖို့ စဉ်းစားနေပြီး မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းနဲ့ အတူ လေ့ကျင့်ခန်းတွေ ဆင်းတော့မှာ မဟုတ်သလို ဘာစီလိုနာအတွက်လည်း ထပ်မံကာ ကစားပေးတော့မှာ မဟုတ်ဘူးလို့ ကတ်တလန်တာ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ ဘာစီလိုနာအသင်း ဘုတ်အဖွဲ့ရဲ့ သဘောထားကတော့ လွန်စွာမှ ရှင်းလင်း နေပြီး မက်ဆီအနေနဲ့ အသင်းကနေ ထွက်ခွာချင်သည် ဖြစ်စေ ၊ မထွက်ခွာချင်သည် ဖြစ်စေ မက်ဆီကို အသင်းမှာသာ ဆက်ထိန်းသွားမှာ ဖြစ်ကာ မက်ဆီကို လိုချင်တဲ့ အသင်းတွေ အနေနဲ့ မက်ဆီရဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရို၇၀၀ သန်းကို ပေးချေရမယ် လို့ ဖွင့်ဟ ထားကြပါတယ်။ ဘာစီလိုနာအတွက် ထပ်ပြီး မကစားပေးတော့ဘူး ဆိုတဲ့ မက်ဆီနဲ့ မက်ဆီကို အသင်းကနေ လက်လွှတ်သွားမှာ မဟုတ်ဘူး ဆိုတဲ့ ဘာစီလိုနာအသင်းတို့ ကြားထဲမှာ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာက စောင့်ကြည့်ချင်စရာ ကောင်းနေပါပြီ…။