စပိန် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဘာစီလိုနာ အသင်းရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် အဓိက ကစားသမားလည်း ဖြစ်တဲ့ လီယွန်နယ် မက်ဆီကတော့ သူဟာ အသင်းနဲ့ စာချုပ်သက်တမ်း ၆လသာ ကျန်ရှိတော့ပေမယ့် အသင်းမှာ ရာသီကုန်အထိ ဆက်လက် ရှိနေသွားမှာ ဖြစ်ပြီး ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာသွားမှာ မဟုတ်ကြောင်း အတည်ပြု ပြောကြား သွားပါတယ်။ အသက် ၃၃နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ လီယွန်နယ် မက်ဆီဟာ ဘာစီလိုနာ အသင်းနဲ့ စာချုပ်သက်တမ်း ၆လကျော်သာ ကျန်ရှိတော့တာကြောင့် လာမယ့် ဇန်နဝါရီလ ၁ရက်နေ့မှ စတင်ကာ အခြားအသင်း တစ်သင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့ ဆွေးနွေးနိုင်မယ့် ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit: Express

ဒါပေမယ့် လီယွန်နယ် မက်ဆီ ကတော့ သူဟာ ရာသီကုန်အထိ အသင်းမှာ ဆက်နေသွားမှာ ဖြစ်သလို အခြား အသင်းတွေနဲ့လည်း လက်ရှိအချိန်အထိ ဆွေးနွေးထားခြင်း မရှိကြောင်း ပြောကြား သွားခဲ့ကာ သူ့ရဲ့ အနာဂတ်ကို ရာသီကုန်မှသာ ဆုံးဖြတ်မှာ ဖြစ်ကြောင်း အတည်ပြု သွားခဲ့ပါတယ်။ မက်ဆီဟာ ဘာစီလိုနာ အသင်းရဲ့ မရှိမဖြစ် ကစားသမား တစ်ဦးဖြစ်သလို အသင်းရဲ့ သမိုင်းကြောင်း တစ်လျှောက် အကောင်းဆုံး ကစားသမား အဖြစ်လည်း သတ်မှတ် ခံထားရတာကြောင့် ဘာစီလိုနာ အသင်းရဲ့ ပရိသတ်တွေဟာ မက်ဆီ ကို အသင်းမှာ ကစားသမားဘဝ ကုန်ဆုံးသည် အထိ မြင်တွေ့ လိုနေပါတယ်။ ဒါပေမယ့် မက်ဆီကတော့ တဖြည်းဖြည်းချင်း ဆုတ်ယုတ်လာတဲ့ ဘာစီလိုနာ အသင်းရဲ့ အခြေအနေတွေကြောင့် အသင်းကနေ ပြောင်းရွှေ့ချင် နေတာ ဖြစ်ပြီး ရာသီကုန်ဆုံးချိန်မှာ ရတဲ့ အောင်မြင်မှုတွေကို ကြည့်ကာ သူ့ရဲ့ ဆုံးဖြတ်ချက် ကို ပြန်လည် ပြင်ဆင်မယ် ၊ မပြင်ဆင်ဘူး ဆိုတာကို ဆုံးဖြတ်သွားဖွယ် ရှိပါတယ်။

Photo Credit: Express

ဘာစီလိုနာ အသင်းမှာ ရာသီကုန်အထိ ဆက်လက် ရှိသွားမယ့် အကြောင်းကို မက်ဆီက “ကျွန်တော်က အခုချိန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့ အတွက် ဘယ်အသင်းနဲ့မှ မဆွေးနွေးသေးပါဘူး။ ကျွန်တော် ပြောခဲ့သလိုပါပဲ။ ကျွန်တော်က ရာသီကုန်အထိ ဘာကိုမှ ရှင်းရှင်းလင်းလင်း မသိသေးပါဘူး။ ဒီရာသီမှာ ကျွန်တော်တို့တွေ ဘာဆက်ဖြစ်မလဲ ဆိုတာကို ဆက်လက် စောင့်ကြည့် သွားရမှာပါ။ နေမာလား။ နေမာကို ဘာစီလိုနာ အသင်းဆီ ပြန်ခေါ်ဖို့က အတော်လေး ငွေကုန်ကြေးကျ များမယ်လို့ ထင်ပါတယ်” ဆိုပြီး ပြောကြား သွားခဲ့ပါတယ်။ ဒါ့အပြင် မက်ဆီက သူဟာ ဘာစီလိုနာ အသင်းကနေ ထွက်ခွာခဲ့ပါက အက်သလက်တီကို မက်ဒရစ် အသင်းနဲ့ ရီးရဲလ်မက်ဒရစ် အသင်းဆီ ပြောင်းရွှေ့မှာ မဟုတ်ကြောင်း ပရိသတ်တွေကို ကတိပေးသွားပါတယ်။