ဘာစီလိုနာ အသင်းရဲ့ ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ လူးဝစ်စ်ဖီဂို က မက်ဆီရဲ့ နှလုံးသား ဟာ ဘာစီလိုနာ မှာ မရှိတော့ဘူးလို့ ဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့တုန်းက မက်ဆီ နဲ့ ဘာစီလိုနာ အကြား ပြဿနာ တွေ ဖြစ်ခဲ့ကြသလို မက်ဆီ ကိုယ်တိုင်ကလည်း အသင်းကို ချစ်ပေမယ့် မပျော်ရွှင်တော့ကြောင်းနဲ့ ထွက်ခွာလိုကြောင်း ပြောပြခဲ့သလို ဘာစီလိုနာ ဘက်ကလည်း မက်ဆီကို ဆက်နေဖို့ ဖိအားပေးတာတွေ ရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကလည်း မက်ဆီကို လစာ လျှော့ဖို့ ကိစ္စတွေလည်း ပေါ်ထွက်ခဲ့တာကြောင့် အားလုံးက မက်ဆီ အနေနဲ့ လာမယ့် ဇန်နဝါရီမှာ အသင်းက ထွက်ခွာလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။

Photo Credit: Marca

မက်ဆီ အနေနဲ့ ဒီရာသီမှာ ဘာစီလိုနာ အတွက် ပွဲကစားခွင့်တွေ ရရှိထားပေမယ့်လည်း သွင်းဂိုးတွေ ပျောက်ဆုံးနေတာကြောင့် မက်ဆီ ဘာစီမှာ မပျော်တော့ဘူးဆိုတာ ပိုမို ထင်ရှားလာပါတယ်။ ဒီရာသီ လာလီဂါပြိုင်ပွဲမှာ ကစားကွက်ကနေ သွင်းယူနိုင်တဲ့ သွင်းဂိုး ကိုလည်း ပြီးခဲ့တဲ့ အပတ်က ရီးရဲလ်ဘက်တစ်နဲ့ ပွဲစဉ်မှသာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ မက်ဆီ အနေနဲ့ ဘာစီလိုနာ ကနေသာ ထွက်ခွာဖြစ်ခဲ့ရင် ခေါ်ယူချင်နေတဲ့ အသင်းတွေကလည်း အများကြီးဖြစ်သလို အခုချိန်ကတည်းက မက်ဆီ ဟိုအသင်းဆီရောက်မယ် ဒီအသင်းဆီ ရောက်မယ်ဆိုပြီး ထွက်ပေါ်နေတဲ့ ကောလဟာလ တွေကလည်း အမျိုးမျိုး ထွက်နေပါတယ်။ ထိုအထဲကမှ ဘောလုံးပရိသတ် အများစုဟာ မက်ဆီ အနေနဲ့ ဘာစီလိုနာအသင်း ကနေ ထွက်ခွာပါက ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့မှာ ဖြစ်ကြောင်း သုံးသပ် ထားကြပါတယ်။

Photo Credit: Marca

ဘာစီလိုနာ အသင်းရဲ့ ကစားသမားဟောင်း တစ်ဦးဖြစ်သူ လူးဝစ်စ်ဖီဂို ကတော့ မက်ဆီ ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အခုလို ပြောပြခဲ့ပါတယ်။ “ တခြား ဘောလုံးပရိသတ်တွေလိုပဲ ကျွန်တော်အနေနဲ့ မက်ဆီက နွေအပြောင်းအရွှေ့တုန်းက အသင်းကနေ ထွက်ခွာဖို့ ကြိုးစားနေတာကို မြင်ရတော့ တအံ့တဩ ဖြစ်ခဲ့ရပါတယ်။ သူ အဲ့ဒီလို ဆုံးဖြတ်ချက် ချရတာ အကြောင်းအရင်း ရှိပုံတော့ ရပါလိမ့်မယ်။ ဘာဆက်ဖြစ်မယ်ဆိုတာကိုတော့ ကျွန်‌တော် ကြိုမသိပါဘူး။ အသင်းတိုင်းက မက်ဆီလို ကစားသမားမျိုးကို လိုချင်ကြပါတယ်။ ဒါပေမယ့်လည်း အဲ့ဒါက လက်ရှိအသင်းရဲ့ ဘဏ္ဍာရေးဆိုင်ရာ ပြဿနာလေးတွေ၊ မက်ဆီကို ခေါ်ရင် ပေးရမယ့် ခေါ်ယူစရိတ်တွေ နဲ့ ပေးရမယ့် လစာ ‌တွေ စတဲ့ အချက်တွေ အပေါ်မှာ မူတည်ပါသေးတယ်။ ဒါပေမယ့် ဘဝ မှာ ပုံမှန်အားဖြင့် ခင်ဗျားက တစ်နေရာရာမှာ မရှိချင်တော့ဘူးဆိုရင် အဆုံးသတ်မှာ ခင်ဗျားရဲ့ စိတ်ကို ဘယ်အရာကမှ မပြောင်းလဲနိုင်တော့ပါဘူး ” လို့ ဆိုခဲ့ပါတယ်။ ဘောလုံးပရိသတ်တွေ အနေနဲ့ မက်ဆီကို စိန်ခေါ်မှု တစ်ရပ်အဖြစ် ပရီးမီးယားလိဂ်မှာ မြင်တွေ့ စေချင်နေကြပြီး ထိုအထဲကမှ မက်ဆီရောက်ရှိဖို့ ရေပန်းအစားဆုံး အသင်းကတော့ မန်ချက်စတာစီးတီး အသင်းဖြစ်နေပါတယ်။ မက်ဆီအနေနဲ့ ဆရာဟောင်းဖြစ်သူ ဂွာဒီယိုလာထံ သွားကာ အတူလက်တွဲပြီး အောင်မြင်မှု‌တွေ ပြန်ရှာဖွေနိုင်လားဆိုတာတော့ စိတ်ဝင်စားဖွယ်ရာ စောင့်ကြည့် သွားရမှာပါ။