စပိန်လာလီဂါရဲ့ အသင်းကြီးတစ်သင်းဖြစ်တဲ့ ဘာစီလိုနာဟာ အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ မက်ဆီ အနေနဲ့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းကနေ ထွက်ခွာခဲ့ရင်တောင် မက်ဆီကို အသင်းအပေါ် သစ္စာစောင့်သိမှု အတွက် လာမယ့် နွေရာသီမှာ ဘောနပ်စ် အဖြစ် ငွေကြေးပမာဏ ယူရို ၃၃ သန်း ပေးချေရဖို့ ရှိနေပါတယ်။ လီယွန်နယ် မက်ဆီ အနေနဲ့ ပြီးခဲ့တဲ့ နွေရာသီ တုန်းက သူ့ရဲ့ ဘာစီလိုနာ ကစားသမားဘဝ ကို အဆုံးသတ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း စာချုပ်ဖျက်သိမ်းကြေး ဖြစ်တဲ့ ယူရိုသန်း ၇၀၀ ကိစ္စ‌ကြောင့် မအောင်မြင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း မက်ဆီ အနေနဲ့ ထွက်ခွာဖို့ ဆန္ဒရှိပါက လာမယ့် နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်မှာ ဖြစ်ပြီး ဘာစီက ပေးချေရမယ့် ကျန်ရှိနေသေးတဲ့ ဆုကြေးငွေကိုလည်း ပိုင်ဆိုင်ဖို့ အခွင့်အရေး ရှိနေအုန်းမှာ ဖြစ်တယ်လို့ သိရပါတယ်။

Photo Credit: Sportbible

မက်ဆီနဲ့ ဘာစီလိုနာ အကြား ၂၀၁၇ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ စာချုပ်မှာ မက်ဆီ အနေနဲ့ စာချုပ်ကုန်ဆုံးသည် အထိ အသင်းကနေ မထွက်ခွာပါက ဆုကြေးငွေ ယူရို ၆၆ သန်း ရရှိမယ်ဆိုတဲ့ အချက် ပါဝင်နေတာကြောင့် ဘာစီအနေနဲ့ မက်ဆီကို မဖြစ်မနေ ပေးချရမယ့် အခြေအနေ ဖြစ်ပါတယ်။ အဆိုပါ ယူရို ၆၆ သန်းထဲက တစ်ဝက်ကိုတော့ ဖေဖော်ဝါရီလ တုန်းက ပေးချေပြီးသွားပြီ ဖြစ်တယ်လို့လည်း သိရပြီး ကျန်တစ်ဝက်ကိုတော့ မက်ဆီရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့်လ ဖြစ်တဲ့ ၂၀၂၁ခုနှစ် ဇွန်လ မှာ ပေးချေသွားရမယ်လို့ ဆိုထားပါတယ်။ ဆိုလိုတာက မက်ဆီအနေနဲ့ သူနဲ့ ဘာစီအကြား ဆယ်စုနှစ် နှစ်ခုအကြာ ရှိခဲ့တဲ့ သံယောဇဉ်ကို ဖြတ်ပြီး ထွက်ခွာခဲ့ရင်တောင် အဆိုပါငွေကို ရရှိမှာ ဖြစ်ပါတယ်။

Photo Credit: Sportbible

မက်ဆီအနေနဲ့ ဘာစီလိုနာအပေါ် စိတ်ပျက်လာရတဲ့ အကြောင်းအရင်းကတော့ ဘာစီလိုနာ ဥက္ကဌ ဟောင်း ဘာတိုမြူရဲ့ စီမံခန့်ခွဲမှုတွေကြောင့် ဖြစ်ပါတယ်။ မက်ဆီက အဆိုပါ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အခုလို ပြောဆိုထားပါတယ်။ “ အသင်းဥက္ကဌ ကို ကျွန်တော် အသင်းကနေ ထွက်ချင်ပြီလို့ ပြောခဲ့တာ တစ်နှစ်ပတ်လုံးပါပဲ။ ကျွန်တော့်ရဲ့ ကစားသမား ဘဝ မှာ ရည်မှန်းချက်အသစ်တွေ နောက်ကို လိုက်ဖို့ အချိန်ရောက်ရှိပါပြီ။ သူက ကျွန်တော့်ကို ‘ ငါတို့ အဲ့ဒီအကြောင်းပြောပါမယ်။ အခုတော့ မဟုတ်သေးဘူး ‘ ဆိုပြီး အမြဲပြောပါတယ်။ ဒါပေမယ့် ဘာမှ ဆွေးနွေးခွင့်မရခဲ့ပါဘူး။ ဥက္ကဌ က သူဘာကိုပြောနေတယ်ဆိုတဲ့ သဲလွန်စ ကျွန်တော့်ကို မပေးခဲ့ပါဘူး။ သူတို့ ပြန်ပြောလေ့ရှိတာက ‘ ငါတို့ ဒီအကြောင်းကို ဇွန်လ ၁၀ ရက်နေ့ မရောက်ခင် မပြောချင်ဘူး ‘ လို့ အမြဲပြောခဲ့တာ။ ဒါပေမယ့် ဥက္ကဌက ကျွန်တော့်ကို အမြဲပြောလေ့ရှိတာက ‘ ဒီရာသီ ပြီးသွားတဲ့ အချိန်ရောက်ရင် ဆက်နေမလား ထွက်မလားဆိုတာကို မင်းဘာသာ ‌ဆုံးဖြတ် ‘ ဆိုတာပဲ။ ဘယ်နေ့လဲ ဆိုတာ သူမပြောဘူး။ သူ့စကားအတိုင်း သူအတည်မလုပ်ခဲ့ပါဘူး။ ကျွန်တော် အသင်းနဲ့ တရားစွဲတာမျိုးတွေ မဖြစ်ချင်တာကြောင့် ကျွန်တော် ဘာမှပြန်မပြောခဲ့ပါဘူး ”