ဘာစီလိုနာ အသင်း ရဲ့ အဓိက တိုက်စစ်ကစားသမား တစ်ဦးဖြစ်တဲ့ လီယွန်နယ် မက်ဆီ ဟာ မနေ့ညက ကစားခဲ့တဲ့ အသလက်တစ် ဘီလ်ဘာအို နဲ့ စပိန်စူပါဖလား ပွဲစဉ်မှာ ဘီလ်ဘာအို ကစားသမား အာစီရဲ ဗီလာလီးဘရေး အပေါ် ကစားပုံ ကြမ်းတမ်းခဲ့တယ် ဆိုပြီးတော့ ၁၇ နှစ်တာ ဘာစီလိုနာ ကစားသမား ဘဝ အတွင်း ပထမဆုံးသော အနီကတ် ပြသခြင်းကို ခံခဲ့ရပါတယ်။ အဆိုပါ စပိန်စူပါဖလား ပွဲစဉ်မှာတော့ ဘာစီလိုနာ အသင်းအနေနဲ့ ဘီလ်ဘာအို အသင်းကို ၃ ဂိုး- ၂ ဂိုး ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရကာ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ မကြာသေးခင်ကမှ အသေးစား ဒဏ်ရာပြဿနာ ကနေ ပြန်လည် သက်သာ လာခဲ့ပြီးတဲ့နောက် ဘာစီလိုနာ ကစားသမားဘဝ ၇၅၃ ပွဲမြောက် ပွဲစဉ်မှာ ပါဝင် ကစားခဲ့တဲ့ မက်ဆီဟာ ကံဆိုးစွာနဲ့ပဲ တိုက်ရိုက် အနီကတ် ပြသခံခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit: Express

ပွဲကစားချိန် ၁၁၉ မိနစ်လောက်မှာ မက်ဆီဟာ ပြိုင်ဘက် ကစားသမားဖြစ်တဲ့ အာစီရဲ လာလီးဘရေး အပေါ် ကစားပုံ ကြမ်းတမ်းခဲ့တာ ဖြစ်ပြီး အဆိုပါ အဖြစ်အပျက်ကို ကွင်းလယ်ဒိုင်လူကြီး ဂျီးဆပ် ဂဲလ် မန်းဇာနိုး က VAR ပြန်လည် ကြည့်ရှုပြီးတော့ ကစားပုံကြမ်းတမ်းခဲ့တဲ့ မက်ဆီ ကို ပြိုင်ပွဲကနေ တိုက်ရိုကိ အနီကတ်ပြ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ အနီကတ်ကြောင့် အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ လီယွန်နယ် မက်ဆီ အနေနဲ့ စပိန် အက်ဖ်အေ စည်းကမ်းထိန်းသိမ်းရေး ကော်မတီရဲ့ စည်းမျဉ်းတွေအရ လာလီဂါမှာပါ ပွဲပယ် ပြစ်ဒဏ်ခံရဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒါဟာ လီယွန်နယ် မက်ဆီ အတွက်တော့ ၁၇ နှစ်တာ ကစားသမားဘဝ တစ်လျှောက်လုံးမှာ တတိယအကြိမ်မြောက် ပြသခံခဲ့ရတဲ့ အနီကတ် ဖြစ်ပြီး၊ ပြီးခဲ့တဲ့ နှစ်ကြိမ်ကတော့ မိခင်နိုင်ငံ အာဂျင်တီးနား လက်ရွေးစင်အသင်းမှာ ပြသခံခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit: Express

ပထမတစ်ကြိမ် အနီကတ်ပြသခံခဲ့ရတာကတော့ ၂၀၀၅ ခုနှစ်က ဟန်ဂေရီ နဲ့ ရင်ဆိုင် ကစားရတဲ့ မက်ဆီရဲ့ နိုင်ငံလက်ရွေးစင် အသင်းအတွက် ပထမဆုံး ပွဲဦးထွက် ပွဲစဉ်မှာ ပြသခံခဲ့ရတာ ဖြစ်ပြီးတော့၊ ဒုတိယအကြိမ်ကတော့ ၂၀၁၉ ဇူလိုင်လက ကိုပါအမေရိက ဖလား တတိယအဆင့်လုပွဲမှာ ဂယ်ရီ မီဒယ် နဲ့ စကားများရန်ဖြစ်ခဲ့တာကြောင့် ပြသခံခဲ့ရတာ ဖြစ်ပါတယ်။ ဘာစီလိုနာ အသင်းအတွက် အန်တိုနီရို ဂရစ်ဇမန်း က နှစ်ကြိမ်တိုင်တိုင် ဦးဆောင်ဂိုး သွင်းယူခဲ့ပေမယ့်လည်း ဘီလ်ဘာအို ကစားသမားတွေဖြစ်ကြတဲ့ အော်စကာ ဒီ မားကိုစ် က ချေပဂိုး ပြန်လည် သွင်းယူခဲ့ကာ မိနစ် ၉၀ အရောက်မှာ ဗီလာလီးဘရေးက နောက်ထပ် ချေပဂိုး နဲ့ အပိုချိန် ၃ မိနစ်အရောက်မှာ အီနာကီ ဝီလီယံ က အနိုင်ဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာ နည်းပြ ရော်နယ် ကိုးမန်း ကတော့ အဆိုပါ ရှုံးပွဲနဲ့ ပတ်သက်ပြီး “ အဲ့ဒါက ခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ အနိုင်ရဖို့ အတော်လေး နီးစပ်ခဲ့ပါတယ်။ ပထမပိုင်းမပြီးခင် ဂိုးခွင့်ပြုပေးလိုက်ရတာက အမြဲတမ်း ခက်ခဲပါတယ်၊ အဲ့ဒီနောက် ပွဲပြီးခါနီးမှာ ထပ်ခွင့်ပြုပေးလိုက်ရတယ်။ အဲ့ဒါက ကိုင်တွယ်ထားဖို့က အတော်လေး ခက်ခဲခဲ့ပါတယ် ” လို့ ပြောဆိုသွားခဲ့ပါတယ်။