စပိန် လာလီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဘာစီလိုနာ အသင်းရဲ့ အသင်းခေါင်းဆောင် အဓိက တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ဘာစီလိုနာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ ပြင်သစ် အင်အားကြီး အသင်းဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းထံ ပြောင်းရွှေ့တော့မှာ ဖြစ်ကြောင်း ဥရောပ အခြေစိုက် သတင်းဌာန အများစုက ဖော်ပြ သွားကြပါတယ်။ အသက် ၃၃နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ လီယွန်နယ် မက်ဆီဟာ လူငယ် ကစားသမား ဘဝမှ စတင်ကာ လက်ရှိ အချိန်အထိ ဘာစီလိုနာ အသင်း တစ်သင်းထဲ မှာသာ ကစားခဲ့သူ ဖြစ်ပြီး ဘာစီလိုနာ အသင်းရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ ရပေမယ့် အသင်းဘုတ်အဖွဲ့ရဲ့ လုပ်ရပ်တွေကို သဘောမကျတာကြောင့် လာမယ့် ဘောလုံး ရာသီ အကုန်မှာ အသင်းကနေ ထွက်ခွာဖို့ တာစူနေသူပါ။

Photo Credit: AS English

လက်ရှိ အချိန်မှာတော့ မက်ဆီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းနဲ့ ပြင်သစ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းတို့က စိတ်ဝင်စား နေကြပြီး ကနဦး ထွက်ပေါ်ထားတဲ့ သတင်းတွေ အရ မန်ချက်စတာ စီးတီးအသင်းက မက်ဆီကို ခေါ်ယူနိုင်ဖို့ ပိုမို ရေပန်းစား နေပေမယ့် နောက်ဆုံး ရရှိထားတဲ့ သတင်းအရတော့ ပီအက်စ်ဂျီ အသင်းက မက်ဆီကို ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံး အနေအထားမှာ ရှိနေကြောင်း သိရပါတယ်။ နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ RMC Sports သတင်းဌာန ကတော့ မက်ဆီဟာ လာမယ့် ဘောလုံးရာသီမှာ ပီအက်စ်ဂျီ အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားပြီး မက်ဆီရဲ့ အသင်းဖော်ဟောင်း ဖြစ်သူ နေမာကလည်း မက်ဆီကို သူနဲ့အတူ လာရောက် ကစားဖို့ စည်းရုံးနေကြောင်း ဖော်ပြခဲ့ပါတယ်။

Photo Credit: AS English

RMC Sportsရဲ့ အသေးစိတ် ဖော်ပြမှုမှာတော့ နေမာဟာ ပီအက်စ်ဂျီ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေး နေပြီး အဆိုပါ ဆွေးနွေးမှုထဲမှာ မက်ဆီကို ခေါ်ယူဖို့ ကိစ္စဟာလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ကာ မက်ဆီသာ ပီအက်စ်ဂျီ အသင်းထံ ပြောင်းရွှေ့လာပါက နေမာဟာ ပီအက်စ်ဂျီ အသင်းနဲ့ ကျိန်းသေပေါက် စာချုပ် သက်တမ်း တိုးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ ယမန်နေ့မှာ ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ပီအက်စ်ဂျီ အသင်းတို့ရဲ့ ပွဲအပြီးမှာလည်း နေမာက သူဟာ လာမယ့် ဘောလုံးရာသီမှာ မက်ဆီနဲ့ အတူ တွဲဖက် ကစားချင်နေပြီး မက်ဆီနဲ့ တွဲဖက် ကစားခွင့်ရမယ် လို့လည်း မျှော်လင့်ထားကြောင်း ဆိုသွားပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီ အသင်းရဲ့ ကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ ပါရီဒက်စ်ကလည်း မက်ဆီကို သူတို့အသင်းက စောင့်မျှော်နေကြောင်း ဖွင့်ဟ ထားပါတယ်။