လာမယ့် ဒီဇင်ဘာလ (၁၅)ရက်နေ့ ဂျပန်နိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပသွားမယ့် El Clasico ပွဲ တစ်နည်းအားဖြင့် ဘာစီလိုနာနဲ့ စပိန်လက်ရွေးစင်ဟောင်း အင်နီယေစတာအတွက် နှုတ်ဆက်ပွဲမှာတော့ အင်နီယေစတာရဲ့ အသင်းဖော်ဟောင်း လီယွန်နယ် မက်ဆီက အံ့အားသင့်စဖွယ် ပါဝင်လာခြင်း မရှိတာကို တွေ့ရှိခဲ့ရပါတယ်။
ဘာလွန်းဒေါဆု (၈)ကြိမ်ဆုရ GOAT ကြီး မက်ဆီဟာ ဘာစီလိုနာ လူငယ်အကယ်ဒမီကနေ ဘောလုံးပညာတွေ သင်ယူပြီးနောက် ဘာစီလိုနာအသင်းမှာ ကစားသမားဘဝ အချိန်တော်တော်များများကို ဖြတ်သန်းခဲ့ရင်း အသင်းလိုက် ဆုပေါင်းများစွာနဲ့ တစ်ဦးချင်း ဆုပေါင်းများစွာ ဆွတ်ခူးခဲ့သလို အင်နီယေစတာ ဇာဗီတို့လို ထိပ်တန်း ကစားသမားကောင်းတွေနဲ့လည်း အချိန်များစွာ တွဲဖက် ကစားခဲ့ရပါတယ်။
Photo Credit : Goal
မက်ဆီနဲ့ ဘာစီလိုနာမှာ ဆုဖလား အောင်မြင်မှုတွေ အမြောက်အများ ရယူခဲ့တဲ့ ကွင်းလယ်လူ အင်နီယေစတာဟာလည်း ဘာစီလိုနာကနေ ထွက်ခွာချိန်မှာ ဂျပန် ဂျေလိဂ်ကလပ် ဗစ်ဆဲလ် ကိုဘေအသင်းဆီ ပြောင်းရွှေ့ခဲ့ရင်း မကြာသေးခင်ကပဲ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကနေ အနားယူသွားခဲ့ပါတယ်။
အသက် (၄၀)အရွယ်မှသာ ဘောလုံးသမားဘဝကို အဆုံးသတ်ခဲ့တဲ့ ဂန္တဝင် ကစားသမားကြီး အင်နီယေစတာကို ဂုဏ်ပြု နှုတ်ဆက်တဲ့ အထိန်းအမှတ်အနေနဲ့ ဂျပန်နိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် El Clasico ပွဲကြီးကို ကျင်းပသွားမှာဖြစ်ပြီး ဒီပွဲကိုတော့ ဘာစီလိုနာနဲ့ ရီးယဲလ် မက်ဒရစ် ကစားသမားဟောင်းကြီးတွေက ပါဝင်သွားကြမှာပဲ ဖြစ်ပါတယ်။
Photo Credit : Goal
ဒီပွဲမှာ အင်နီယေစတာအပြင် ဇာဗီ ၊ ရီဗယ်လ်ဒို ၊ မာရှေယာနို ၊ မားကွက်ဇ် ၊ ကာကစ် ၊ အက်ဒရီယာနို ၊ ဂူလီ ၊ ဆာဗီယိုလာ ၊ ကားလို့စ် ၊ ဖီဂို ၊ ကာဆီးလက်စ် ၊ ဘာတစ္စတာ ၊ မက်နာမန် ၊ ဆာဗီယိုနဲ့ ကမ်းပို့စ်တို့ ပါဝင်သွားကြမှာ ဖြစ်ပေမယ့် ဘာစီလိုနာရဲ့ ဂန္တဝင်တစ်ဦးဖြစ်တဲ့ မက်ဆီကတော့ ဒီပွဲမှာ အံ့အားသင့်ဖွယ် မပါဝင်လာပဲ နေပါတယ်။
မက်ဆီက အင်တာ မိုင်ယာမီအသင်းနဲ့အတူ MLS Cup Playoffs ပြိုင်ပွဲကို ဆင်နွှဲရင်း ရှုံးထွက် (၁၆)သင်းအဆင့် best of three မှာ အက်တလန်တာအသင်းကို ရှုံးနိမ့်ခဲ့ရတာကြောင့် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပေမယ့် မက်ဆီက သူ့အသင်းဖော်ဟောင်း အင်နီယေစတာ နှုတ်ဆက်ပွဲကို ပါဝင်ဖို့ထက် သွားရောက် ကြည့်ရှုဖွယ်သာ ရှိနေပါတယ်။