လက်ရှိ ကမ္ဘာ့ဘောလုံးလောကရဲ့ GOAT ကြီးတစ်ဦးဖြစ်တဲ့ အာဂျင်တီးနား စူပါစတား တိုက်စစ်ကစားသမား လီယွန်နယ် မက်ဆီဟာ ဒီနေ့မနက်အစောပိုင်း ပီရူးအသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ဂိုးဖန်တီးမှု ပြုလုပ်ခဲ့ရင်း အမေရိကန် ဂန္တဝင်ကြီး လန်ဒန် ဒိုနိုဗန်ရဲ့ ဂိုးဖန်တီးမှု စံချိန်ကိုပါ အမီလိုက်နိုင်ခဲ့ရပါတယ်။
မက်ဆီဟာ ဒီနေ့မနက်အစောပိုင်းမှာ ပီရူးနဲ့ ကစားသွားခဲ့ရတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ မက်ဆီက ပွဲချိန်ပြည့် ပါဝင်ကစားသွားခဲ့ရင်း လော်တာရို မာတီနက်ဇ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒီဖန်တီးမှုဟာ မက်ဆီက အာဂျင်တီးနားအတွက် (၅၈)ကြိမ်မြောက် ဂိုးဖန်တီးမှုလည်း ဖြစ်လာခဲ့ရပါတယ်။
Photo Credit : TUDN
နိုင်ငံတကာအသင်းတွေအတွက် ဂိုးဖန်တီးမှု အများဆုံးအဖြစ် စွမ်းဆောင်ထားနိုင်ခဲ့သူမှာ ဘောလုံးသမားဘဝကနေ အနားယူသွားပြီဖြစ်တဲ့ အမေရိကန် တိုက်စစ်ကစားသမားဟောင်းကြီး ဒိုနိုဗန်ဖြစ်ပြီး (၅၈)ဂိုးအထိ ဖန်တီးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ဒိုနိုဗန် တင်ရှိထားခဲ့တဲ့ စံချိန်ကို မက်ဆီက အမီလိုက်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။
ဒိုနိုဗန်က ဒီစံချိန်ကို လွန်ခဲ့တဲ့ ၂၀၁၄ခုနှစ်ကမှ တင်ရှိနိုင်ခဲ့တာဖြစ်ပြီး အမေရိကန်အတွက် (၁၅၇)ပွဲကစား (၅၇)ဂိုးသွင်း (၅၈)ဂိုးအထိ ဖန်တီးပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ နိုင်ငံတကာပွဲစဉ်တွေထဲ ဂိုးဖန်တီးမှု အများဆုံး ကစားသမားက ဒိုနိုဗန်နဲ့ မက်ဆီတို့ ပူးတွဲ ရပ်တည်နေသလို မက်ဆီအနေနဲ့ နောက်တစ်ကြိမ် ဂိုးဖန်တီးနိုင်လိုက်တာနဲ့ နိုင်ငံတကာပွဲတွေရဲ့ ဂိုးဖန်တီးမှု အများဆုံး ကစားသမားပါ ဖြစ်လာပါလိမ့်မယ်။
Photo Credit : Inter Miami News
မက်ဆီအနေနဲ့ကတော့ အာဂျင်တီးနားနဲ့အတူ ဒီတစ်ပတ်မှာ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေကို ပါဝင်ကစားခဲ့ပြီးနောက် ပီရူးအသင်းနဲ့ပွဲဟာ မက်ဆီအတွက် အခု ၂၀၂၄အတွက် နောက်ဆုံးသော ပွဲစဉ်လည်း ဖြစ်လာခဲ့ရပါတယ်။ မက်ဆီရဲ့ကလပ် အင်တာ မိုင်ယာမီကလည်း MLS Cup ကနေ ထွက်ခွာထားရတာမို့ မက်ဆီအနေနဲ့ လာမယ့် ဖေဖော်ဝါရီမှသာ ဘောလုံးပြန်ကစားရတော့မှာပဲ ဖြစ်ပါတယ်။
မက်ဆီရဲ့ ဖန်တီးမှု မာတီနက်ဇ်ရဲ့ သွင်းဂိုးနဲ့ နိုင်ပွဲပြန်ရခဲ့တဲ့ အာဂျင်တီးနားကတော့ ၂၀၂၆ ကမ္ဘာ့ဖလား တောင်အမေရိကဇုန် ခြေစစ်ပွဲစဉ်တွေမှာ (၁၂)ပွဲကစား (၈)ပွဲနိုင် (၃)ပွဲရှုံး (၁)ပွဲသရေနဲ့ ရမှတ် (၂၅)မှတ်အထိ ပိုင်ဆိုင်ထားပြီး ဒုတိယနေရာက ဥရုဂွေးအသင်းကို (၅)မှတ်အထိ ဖြတ်တောက်ထားနိုင်ခဲ့ပါတယ်။