စပိန်လာလီဂါကလပ် ဘာစီလိုနာအသင်းနဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် အဓိက တိုက်စစ်မှူးလည်း ဖြစ်တဲ့ လီယွန်နယ် မက်ဆီကတော့ လာမယ့် ဇူလိုင်လ ၁၁ရက်နေ့ မနက် ၆နာရီခွဲ အချိန်မှာ ယှဉ်ပြိုင် ကစားရမယ့် ကိုပါအမေရိကဗိုလ်လုပွဲမှာ သူတို့အသင်းနဲ့ ရင်ဆိုင် ကစားရမယ့် ဘရာဇီးလ်အသင်းကို သတိပေး ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

တောင်အမေရိကရဲ့ အင်အားကြီး အသင်းနှစ်သင်း ဖြစ်တဲ့ အာဂျင်တီးနားအသင်းနဲ့ ဘရာဇီးလ်အသင်းတို့ဟာ ယခုနှစ် ကိုပါအမေရိကပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်ကို ထိုက်ထိုက်တန်တန် တက်ရောက်လာတဲ့ အသင်းနှစ်သင်း ဖြစ်ပြီး ယခုပြိုင်ပွဲကို ဗိုလ်စွဲနိုင်ဖို့ အခွင့်အရေး ၅၀ရာခိုင်နှုန်းဆီ ရှိနေကြပါတယ်။

Photo Credit: Marca

ဒါကြောင့်ပဲ ဘယ်အသင်းက ဗိုလ်စွဲသွားနိုင်မလဲ ဆိုတာ ရင်ခုန် စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရမှာ ဖြစ်သလို အာဂျင်တီးနားအသင်းရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီနဲ့ ဘရာဇီးလ်အသင်းရဲ့ အဓိက တိုက်စစ်မှူး နေမာတို့ဟာ ယခုနှစ် ပြိုင်ပွဲမှာ အကောင်းဆုံး ကစားသမားတွေ အဖြစ် ခြေစွမ်းပြထားနိုင်တာကြောင့် ဗိုလ်လုပွဲမှာ ဘယ်သူက ပိုကောင်းတဲ့ ခြေစွမ်းကို ထုတ်ပြနိုင်မလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

မက်ဆီနဲ့ နေမာတို့ဟာ ဘာစီလိုနာအသင်းမှာ အတူတကွ ကစားဖူးတဲ့ အသင်းဖော်တွေ ဖြစ်ကြသလို ရင်းနှီတဲ့ မိတ်ဆွေတွေ ဖြစ်တာကြောင့် သူတို့နှစ်ဦး ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲစဉ်မှာ ဘယ်သူက အသာရသွားမလဲ ဆိုတာ ပရိသတ်တွေက သိချင်နေကြပြီး မက်ဆီကတော့ နေမာရဲ့ အရည်အသွေးနဲ့ ပတ်သတ်ပြီး အာဂျင်တီးနား အသင်းဖော်တွေကို သတိပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

Photo Credit: Marca

ကိုပါအမေရိကဗိုလ်လုပွဲနဲ့ ပတ်သတ်ပြီး မက်ဆီက – “နေမာ ပါတဲ့ ဘရာဇီးလ်အသင်းက ရင်ဆိုင်ရတာ အရမ်းကို ခက်ခဲပါတယ်။ သူတို့တွေ ဘာလုပ်နိုင်လဲ ဆိုတာနဲ့ နေမာရဲ့ စွမ်းဆောင်ရည်က ဘယ်လောက် ကောင်းလဲ ဆိုတာ ကျွန်တော်တို့ သိထားပါတယ်။ ကျွန်တော် အဖြစ်ချင်ဆုံး ဆန္ဒတခု ကတော့ နိုင်ငံအသင်းနဲ့ ဆုဖလား အောင်မြင်မှု တခု ရယူချင်တာပါ။ ကျွန်တော့်ရဲ့ နိုင်ငံအသင်း အတွက် ကစားတဲ့ အချိန်တိုင်းမှာ ကျွန်တော့်မှာ ရှိသမျှ အရာအားလုံးကို ပေးဆပ်ထားပါတယ်။ ကျွန်တော်က အမြဲတမ်း ဆုဖလား ရဖို့ အောင်ပွဲဝင်နေတာပါ” လို့ ပြောကြားခဲ့တာပါ။