ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ လီယွန်နယ် မက်ဆီ ကတော့ သူဟာ ပီအက်စ်ဂျီအသင်းနဲ့ လမ်းခွဲတဲ့ အချိန်ကို ရောက်ရင် အမေရိကန် မေဂျာလိဂ်ဆီ ပြောင်းရွှေ့ ကစားဖို့ စိတ်ကူးရှိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထပ်မံ ပြောကြားသွားခဲ့ပါတယ်။
အသက် ၃၄နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၇ကြိမ်တိုင်တိုင် ရရှိထားသူ တဦး ဖြစ်သလို လက်ရှိအချိန် အထိ အကောင်းဆုံး ခြေစွမ်းတွေကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။
Photo Credit: Express
ဒါကြောင့်ပဲ ပီအက်စ်ဂျီအသင်းက မက်ဆီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့စဉ်မှာ ၂နှစ် + အပို ၁နှစ် စုစုပေါင်း ၃နှစ် အထိ သက်တမ်း ရှိမယ့် စာချုပ်တရပ် ချုပ်ဆိုထားတာ ဖြစ်ပြီး အဆိုပါ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာတော့ မက်ဆီရဲ့ အသက်က ၃၇နှစ် ဖြစ်နေမှာပါ။
မက်ဆီကတော့ ဘာစီလိုနာအသင်းမှာ ရှိနေစဉ်ကတည်းက သူ့ရဲ့ ကစားသမား ဘဝ နောက်ဆုံးအချိန်ကို ရောက်ရင် ငယ်ဘဝကလပ် ဖြစ်တဲ့ နယူးဝဲလ် အိုဘွိုင်းအသင်းမှာ သွားရောက် ကစားတာ ဒါမှမဟုတ် အမေရိကန်နိုင်ငံဆီ သွားရောက် ကစားတာမျိုး လုပ်မယ်လို့ ပြောကြားထားဖူးပြီး နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ သူဟာ နယူးဝဲလ် အိုဘွိုင်းဆီ ပြန်ကာ ဘောလုံးကစားဖို့ထက် အမေရိကန်နိုင်ငံမှာပဲ အခြေချ နေထိုင်ကာ ဘောလုံးကစားဖို့ ပိုမို စိတ်ဝင်စားကြောင်း အတည်ပြု ပြောကြားသွားခဲ့ပါတယ်။
Photo Credit: Express
မေဂျာလိဂ်ဆီ သွားရောက် ကစားဖို့ စိတ်ကူးရှိကြောင်းကို မက်ဆီက – “ကျွန်တော့်မှာ အမြဲတမ်း အမေရိကန်နိုင်ငံဆီ သွားပြီး ပျော်ပျော်ရွှင်ရွှင် နေထိုင်ဖို့ စိတ်ကူး ရှိပါတယ်။ ပြီးတော့ အမေရိကန် မေဂျာလိဂ်ရဲ့ ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုကိုလည်း ကိုယ်တိုင်ကိုယ်ကျ ခံစားကြည့်ချင်ပါသေးတယ်။ ကျွန်တော့်ရဲ့ ကစားသမားဘဝ နောက်ဆုံးအချိန်တွေကို ရောက်ရင် မေဂျာလိဂ်မှာ သွားကစားချင်ပါတယ်။ ဒါပေမယ့် ဒီကိစ္စ ဖြစ်လာမလား ၊ မဖြစ်လာဘူးလား ဆိုတာကိုတော့ သေချာ မသိသေးပါဘူး” လို့ ဖွင့်ဟ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။