ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီနဲ့ အာဂျင်တီးနားတို့ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး လီယွန်နယ် မက်ဆီကတော့ ဒီနေ့ခေတ်မှာ ကလေးတွေကို ပရော်ဖက်ရှင်နယ် ကစားသမားတွေရဲ့ ပုံစံအတိုင်း လိုက်လံ လေ့ကျင့်ခိုင်းတာ ၊ နာမည်ကြီး ကစားသမားတွေရဲ့ ပုံစံအတိုင်း ကစားခိုင်းတာ စတဲ့ အချက်တွေကို သဘောမကျကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၅နှစ် အရွယ် အာဂျင်တီးနား ကြယ်ပွင့် တိုက်စစ်မှူး လီယွန်နယ် မက်ဆီက ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ဖြစ်တဲ့ ရွှေဘောလုံးဆုကို ၇ကြိမ်တိုင်တိုင် ရရှိထားသူ ဖြစ်ပြီး သူဟာ ကလေးဘဝမှာထဲက နာမည်ကြီးခဲ့သူ တဦးလည်း ဖြစ်ပါတယ်။

Photo Credit: Marca

မက်ဆီက မွေးရပ်မြေ အာဂျင်တီးနားမှာ ရှိနေစဉ်ကတည်းက ဥရောပ အသင်းကြီးတွေရဲ့ ကင်းထောက်မှုကို ခံခဲ့ရတဲ့ ပါရမီရှင် တဦး ဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းနဲ့ ပါရမီကြောင့်ပဲ စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာက မက်ဆီကို တခြားအသင်းတွေထက် လက်ဦးမှု ရယူကာ ခေါ်ယူနိုင်ဖို့ လက်ကိုင်ပုဝါတခုကို စာချုပ်အသွင် ပြုလုပ်ကာ မက်ဆီကို သူတို့အသင်းဆီ အမိအရ ခေါ်ယူခဲ့ပါတယ်။

သူမတူအောင် ထူးချွန်တဲ့ ပါရမီကြောင့်ပဲ မက်ဆီက ဆယ်ကျော်သက် ကစားသမား ဘဝမှာတင် ဘာစီလိုနာနဲ့ အာဂျင်တီးနား အတွက် အဓိက ကစားသမား တဦး ဖြစ်လာခဲ့ပြီး မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကို ဆယ်စုနှစ် တစုကျော်ကြာ ထိန်းသိမ်းထားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit: Marca

ကမ္ဘာ့အကောင်းဆုံး ကစားသမားလို့ နာမည်တပ်ခံနေရပေမယ့် မက်ဆီက ယခုချိန်အထိ မာန်မာန ထောင်လွှားခြင်း မရှိသလို ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဖြစ်ချင်တဲ့ ကလေးတိုင်းကို ရောက်လေရာမှာ အကြံကောင်းတွေ ပေးလေ့ ရှိပြီး ယခုတခါမှာလည်း မက်ဆီက ဘောလုံးအကယ်ဒမီတွေ အနေနဲ့ ကလေးတွေကို တိကျတဲ့ နည်းစနစ်တွေ ပေးကာ လေ့ကျင့်ခိုင်းတာဟာ ကောင်းပေမယ့် စက်ရုပ်တွေလို တပုံစံထဲ လေ့ကျင့်ရမှုကြောင့် ပါရမီပါတဲ့ ဘောလုံးသမားတွေကို တွေ့မြင်ဖို့ ခက်ခဲသွားနိုင်တာကြောင့် အဲ့ဒီလိုမျိုး လေ့ကျင့်မှုတွေကို သဘောမကျကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

မက်ဆီက – “ဘောလုံးလောကက အတော်လေးကို ပြောင်းလဲလာနေပါပြီ။ တိကျတဲ့ နည်းစနစ်တွေ အတိုင်း လိုက်လုပ်နေတာကြောင့် ကွဲပြား ခြားနားတဲ့ ဘောလုံးသမားတွေကို တွေ့ရဖို့ ခက်လာပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အခုခေတ်မှာ ကလေးတိုင်းက အကယ်ဒမီ တခုဆီ ရောက်သွားတာနဲ့ ကစားပုံတခု အတိုင်းပဲ ကစားဖို့ အတင်းအကျပ် ဖိအားပေးခံရလို့ပါ။ အဲ့ဒါက ဘောလုံးလောက အတွက် ပြဿနာ တခုပါပဲ။ ကလေးတွေက ကိုယ့်ရဲ့ ပုံစံအတိုင်း ရှင်သန် ကြီးပြင်းလာဖို့ လိုအပ်ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။