ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ ယနေ့၊ အင်္ဂါနေ့က အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ အသင်းဖော်တွေနဲ့ အတူ လေ့ကျင့်ရေး ပြန်ဆင်းနိုင်ခဲ့ပြီ ဖြစ်တာကြောင့် ဘိုင်ယန်မြူးနစ်အသင်း နဲ့ ကစားသွားမယ့် ချန်ပီယံလိဂ် ကွာတား ဖိုင်နယ်ပွဲစဉ်မှာ ကစားဖို့ သေချာနေပြီပဲ ဖြစ်ပါတယ်။ ဘာစီလိုနာ အသင်းခေါင်းဆောင် မက်ဆီဟာ နာပိုလီအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ်မှာ သူ့ရဲ့ ခြေထောက်ကို နာပိုလီ နောက်ခံလူ ကူလီဘာလီက ကန်ခဲ့တာကြောင့် ဒဏ်ရာ ရရှိခဲ့ပေမယ့်လည်း မပြင်းထန်ဘဲ ပြန်သက်သာလာခဲ့ပြီ ဖြစ်ပါတယ်။

 

Photo Credit: Marca

ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ နာပိုလီအသင်းနဲ့ ပွဲစဉ်က နောက်ခံလူ ကူလီဘာလီကြောင့် ရရှိခဲ့တဲ့ ဒဏ်ရာ အခြေအနေအရ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ပွဲစဉ်မှာ ပါဝင်ကစားနိုင်ချေ မရှိဘူးလို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဂျင်တီး တိုက်စစ်မှူး မက်ဆီဟာ ယနေ့၊ အင်္ဂါနေ့က၊ ပြုလုပ်ခဲ့တဲ့ အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ ပုံမှန်အတိုင်း လေ့ကျင့်ရေး ပြန်ဆင်းနိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ပွဲစဉ်မှာ ပါဝင်လာနိုင်ဖို့ (၁၀၀) ရာခိုင်နှုန်း သေချာသလောက် ရှိနေပါတယ်။

Photo Credit: Marca

အသက် (၃၃) နှစ်အရွယ် တိုက်စစ်မှူး မက်ဆီဟာ ယခုအပတ် တနင်္လာနေ့ကလည်း အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို သွားရောက် ဆေးစစ်ခဲ့တာ ဖြစ်ပြီး ယနေ့ အင်္ဂါနေ့မှာ အသင်းဖော်တွေနဲ့ အတူ အသင်းရဲ့ လေ့ကျင့်ရေး ဆင်းခဲ့ကြတဲ့ ပုံတွေ ပြန်လည် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ယခုအပတ် သောကြာနေ့ည၊ စနေနေ့ နံနက် (၁း၃၀) အချိန်မှာတော့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ပွဲစဉ်ကို လစ္စဘွန်မြို့မှာ ကစားသွားရမှာ ဖြစ်ပြီး တိုက်စစ်မှူး မက်ဆီ နဲ့ တိုက်စစ်မှူး လီဝန်ဒေါ့စကီးရဲ့ အားပြိုင်မှုကို မြင်တွေ့ရနိုင်ပါတယ်။